အိုင်ဒိုမီနီ၊ မတ်၊ ၁၃ ။ ။ ကမ္ဘာသိ တရုတ်အနုပညာရှင်နှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အိုင်ဝေေ၀သည် ဂရိ နှင့် မက်ဆီဒိုးနီးယားနယ်စပ်ရှိ ရွှံ့နွံထူထပ်သည့် ဒုက္ခသည်စခန်းတစ်ခုသို့ အဖြူရောင်စန္ဒကြီးတစ်လုံးယူဆောင်သွားကာ အနုပညာတင်ဆက်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။
အိုင်ဝေေ၀သည် ဒုက္ခသည်စခန်းမှ ဆီးရီးယားရွှေ့ပြောင်းဒုက္ခသည်အမျိုးသမီးတစ်ဦးကို သူယူလာသည့် စန္ဒရားကြီးကို တီးခတ်စေခဲ့သည်။
စန္ဒရားကိုတီးခတ်ခဲ့သူမှာ အသက် ၂၄ နှစ်အရွယ်နူအာအယ်လ်ခါဇမ် ဆိုသည့် ဆီးရီးယားအမျိုးသမီးဖြစ်ပြီး ဂျာမနီရှိ သူမ၏ ခင်ပွန်းသည်ထံသွားခွင့်ရရန် မျှော်လင့်နေသူဖြစ်သည်။
နူအာအယ်လ်ခါဇမ်သည် ဒုက္ခသည်ပေါင်း ၁၂၀၀၀ ခန့်ခိုလှုံနေသည့် အိုင်ဒိုမီနီဒုက္ခသည်စခန်းတွင် မိုးများရွာနေသည့်ကြား မှ စန္ဒရားတီးခတ်ခဲ့ပြီး အိုင်ဝေေ၀နှင့် အခြားသူများက သူမနှင့် စန္ဒရားကြီးကို မိုးရေမစိုစေရန် ပလတ်စတစ်စ ဖြင့် အပေါ်မှ အုပ်မိုးကာရံပေးခဲ့ကြသည်။
'' ဒါက ဒီအမျိုးသမီးအတွက် အခွင့်အရေးတစ်ရပ်ဖန်တီးဖို့အတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုပါပဲ။ သူမဟာ စစ်ပွဲတွေရဲ့ ဓါးစာခံဖြစ်ခဲ့ရပြီး စန္ဒရားကိုထိခွင့်မရတာ ၃ နှစ်လောက်ရှိနေပြီဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့ခွဲနေရတာလည်း တစ်နှစ်ခွဲလောက် ရှိနေပါပြီ '' ဟု အိုင်ဝေေ၀က အနုပညာတင်ဆက်မှုအပြီးတွင် ပြောကြားခဲ့သည် ။
ထို့အပြင် အိုင်ဝေေ၀က အဆိုပါအမျိုးသမီး စန္ဒရားတီးနေသည်ကို ကြည့်ရသည်မှာ အလွန်စိတ်ထိခိုက်စရာ ကောင်းကြောင်းနှင့် အနုပညာက စစ်ပွဲများကိုကျော်လွှားသွားနိုင်သည်ကို ပြသနေကြောင်းလည်း ပြောကြားခဲ့သည်။
အိုင်ဝေေ၀သည် လက်တလောဖြစ်ပေါ်နေသည့် ဥရောပ ရွှေ့ပြောင်းဒုက္ခသည်အကျပ်အတည်းနှင့် ရွှေ့ပြောင်းဒုက္ခသည် များ ခံစားနေရသည်များကို လူအများအာရုံပြုမိစေရန် အနုပညာတင်ဆက်မှုများ တစ်ခုပြီးတစ်ခု လုပ်ဆောင်လျှက်ရှိသည်။