စစ်ကောင်စီနှင့် ဆင်ဖြူတော်

စစ်ကောင်စီနှင့် ဆင်ဖြူတော်

မြန်မာအာဏာသိမ်းစစ်ကောင်စီသည် ကမ္ဘာ့စင်မြင့်ထက်တွင် အပယ်ခံဖြစ်နေသလို ပြည်တွင်း၌လည်း ၎င်းတို့၏ အုပ်ချုပ်မှုအပေါ် အပြင်းအထန် ဆန့်ကျင်အတိုက်အခံပြုမှုများကို ရင်ဆိုင်နေရသည် ဆိုသော်လည်း ၎င်းတို့ အာဏာသိမ်းထားစဉ်ကာလအတွင်း ရခိုင်တွင် ရှားရှားပါးပါး ဆင်ဖြူတစ်ကောင် မွေးဖွားခြင်းကို အကောင်းမြင်စရာ အကြောင်းပြချက်အဖြစ် တွေ့ရှိထားသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ဒီမိုကရေစီ လိုလား‌သော ဆန္ဒပြမှုများကို နှိမ်နင်းခြင်းနှင့် ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဉ်းချခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ အတိုက်အခံများကို နှိမ်နင်းရန် ကြိုးပမ်းရာတွင် စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲခံထားရသည်။

သို့သော် ယမန်နှစ်က ရခိုင်ပြည်နယ် အနောက်ပိုင်းတွင် အဖြူထက် ဖြူရော်ရော်အရောင် ပိုပေါက်သည့် ဆင်တစ်ကောင် မွေးဖွားလာခြင်းက ထူးခြားကံကောင်းပြီး အချိန်အခါ အခန့်သင့်ကြောင်း စစ်ကောင်စီ ထိန်းချုပ်သည့် မီဒီယာများက အမွှမ်းတင်ဖော်ပြနေကြသည်။

ရှေးခေတ် တိုင်းပြည် အုပ်ချုပ်သူ အစိုးရမင်းများသည် ဆင်ဖြူများကို အထူး အတိတ်နိမိတ်ကောင်းခြင်းအဖြစ် မှတ်ယူကြပြီး ဆင်ဖြူတော်များ ပေါ်ထွန်းမှုကို မှန်ကန်ဖြောင့်မတ်သော နိုင်ငံရေးဩဇာအာဏာ သင်္ကေတတစ်ရပ်အဖြစ် သတ်မှတ်ကြသည်။

ဗြိတိသျှထံမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရမှု ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယခုသီတင်းပတ်တွင် ထုတ်ဝေသည့် အထူးတံဆိပ်ခေါင်းတွင် ဆင်ဖြူတော်ပုံပါမည် ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၃ ရက်တွင် ဖော်ပြသည်။

ထို့ပြင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သွန်းလောင်းသည့် ရွှေဒင်္ဂါးပြားများတွင်လည်း ဆင်ဖြူတော်ပုံ ပါကြောင်း အခြားသတင်းတစ်ခုတွင် ဖော်ပြသည်။

ပြီးခဲ့သည့် အောက်တိုဘာလက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် နေပြည်တော်ကို ရောက်ရှိလာသည့် ဆင်ဖြူလေးဆီ သွားရောက်ပြီး ဘွဲ့အမည် အပ်နှင်းခဲ့ကာ ထိုအခမ်းအနားကို ရုပ်သံမှ ထုတ်လွှင့်ခဲ့သည်။

ဆင်ဖြူလေးကို “ရဋ္ဌနန္ဒက” ဟု ဘွဲ့ပေးခဲ့ပြီး ထိုအမည်သည် “တိုင်းပြည်” နှင့် “သာယာဝပြော ပျော်ရွှင်ခြင်း” ဆိုသည့် ပါဠိဘာသာ စကားလုံးများမှ လာသည်ဟု သိရသည်။

အသစ်တွေ့ရှိသည့် ဆင်ဖြူလေး၏ အတိတ်နိမိတ်ကောင်း လက္ခဏာရပ်များကို အမွှမ်းတင်သည့်အနေဖြင့် ယခု ဆင်ဖြူသည် အပြစ်အနာအဆာ ကင်းစင်သလောက် ဖြစ်သည့် လက္ခဏာရပ်များ ရှိသည်ဟု စစ်ကောင်စီမီဒီယာက အခိုင်အမာ ဆိုသည်။

ယခု ဆင်ဖြူလေးသည် “ပုလဲရောင် မျက်လုံးများ ရှိခြင်း” နှင့် “ကျောကုန်းတွင် ငှက်ပျောကိုင်းသဏ္ဌာန် ဖြစ်ခြင်း” အပါအဝင် ဆင်ဖြူတော်တစ်ကောင်၏ ကြန်အင်လက္ခဏာ ရှစ်ရပ်အနက် ခုနစ်ရပ်နှင့် ကိုက်ညီပိုင်ဆိုင်ကြောင်း ကျွမ်းကျင်သူများကို ကိုးကားပြီး စစ်ကောင်စီ ထိန်းချုပ်သည့် နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

 

သဘာဝ၏ အစွမ်းများ

ကလေးမွေးဖွားချိန်တွင် ဗေဒင်နက္ခတ် ဇာတာဖွဲ့ တွက်ချက်ဟောဆိုခြင်း၊ နေ့စဉ်ကိစ္စ ဆုံးဖြတ်ချက်များမှ စပြီး နိုင်ငံရေး ဆုံးဖြတ်ချက်များအထိ ဗေဒင်ဆရာများနှင့် မေးမြန်းခြင်းတို့ ရှိသည့် မြန်မာနိုင်ငံတွင် ဆင်ဖြူများနှင့်ပတ်သက်ပြီး အရူးထမှုက ရှေ့ယခင်နှစ်ရာချီကတည်းကပင် ရှိခဲ့သည်။

ထိုင်း၊ လာအိုနှင့် မြန်မာ (တစ်ချိန်က ဗမာဟု သိကြ) တို့ရှိ ဘုရင်မင်းများသည် ဆင်ဖြူများကို ပြိုင်ဘက် (ရန်ဘက်) မင်းများထံမှ သိမ်းယူရန် စစ်ခင်းခဲ့ကြသည် ဆိုသည့် ဇာတ်ကြောင်းများကို ရိုးရာ သမိုင်းမှတ်တမ်းများက ပြောပြသည်။

ဆင်ဖြူများကို ခမ်းနားထည်ဝါသော ပုံစံဖြင့် အဆမတန်များပြားသော အဖိုးအခများ အကုန်အကျခံပြီး မွေးမြူထိန်းသိမ်းရခြင်းက မျက်မှောက်ခေတ် စကားအသုံးအနှုန်းတစ်ခုကို ဖြစ်ပေါ်စေပြီး ယင်းက ဆင်ဖြူတစ်ကောင်သည် ဘာမှ အသုံးမကျ၊ အလဟဿဖြစ်သည့် ပိုင်ဆိုင်မှုတစ်ခု ဖြစ်သည် ဆိုသည်ပင် ဖြစ်သည်။

၁၉ ရာစု ဗမာ ဘုရင်တစ်ပါး အမွေဆက်ခံရရှိသည့် ဆင်ဖြူတစ်ကောင်ဆိုလျင် အခြံအရံ ၃၀ က စောင့်ရှောက်ကြည့်ရှုရပြီး ပတ္တမြားနှင့် စိန်များ ပြည့်နှက်နေသည့် နုညက်သော အနီရောင် အဝတ်စတစ်ခုဖြင့် ဆင်မြန်းထားခဲ့ကြောင်း နိုင်ငံသို့ အလည်အပတ်ရောက်ခဲ့သည့် ဗြိတိန်အရာရှိတစ်ဦးက ပြောသည်။

နောင်တော်ထံမှ ထီးနန်းကို လုယူထားခဲ့သည့် အဆိုပါဘုရင်သည် သူ့လက်ထက်တွင် တကယ့် ဆင်ဖြူတော်တစ်ကောင်ကို သိမ်းပိုက်ရရှိခြင်းက သူ၏ တရားဝင် ဘုရင်မင်းတရား ဖြစ်မှုအတွက် သဘာဝတရားကြီး၏ စွမ်းအားများထံမှ ပေးသော အရာတစ်ခုအဖြစ် ဝမ်းမြောက်စွာ ဂုဏ်ပြုလိမ့်မည် ဖြစ်ကြောင်း သံတမန်က ပြောသည်။

သို့သော် ဆင်ဖြူများ၏ ကံကြမ္မာက ၎င်းတို့ကို သိမ်းပိုက်ရရှိထားသည့် အုပ်ချုပ်သူများအပေါ်တွင် မူတည်နေသည်။

ယခင် စစ်ခေါင်းဆောင်ဟောင်းတစ်ဦး တစ်ချိန်က ကျွေးမွေးခဲ့သည့် ဆင်ဖြူတော် နှစ်ကောင်သည် လက်ရှိအချိန်တွင် စီးပွားရေးအချက်အချာ ရန်ကုန်မြို့ရှိ စိုထိုင်းပြီး အရောက်အပေါက်သိပ်မရှိသော ခြံဝင်းတစ်ခုတွင်သာ ရှိနေပြီး ထိုဆင်ဖြူများဆီ လာရောက်ကြည့်ရှုသည့် ဧည့်သည်ကလည်း အနည်းငယ်မျှသာ ရှိသည်။

“ရဋ္ဌနန္ဒက” ဆင်ဖြူကမူ စစ်တပ် တည်ဆောက်သော မြို့တော် နေပြည်တော်ရှိ ဆင်ဖြူများအတွက် အထူးသီးသန့် ခြံဝင်းတစ်ခုတွင် နေထိုင်သွားရမည် ဖြစ်သည်။

သို့သော် နိုင်ငံ၏ နေရာဒေသများတွင် တိုက်ပွဲများ ဖြစ်နေဆဲဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုသည်လည်း အပြင်းအထန် ပုတ်ခတ်ဝေဖန်ခံနေရချိန်တွင် ယခု ဆင်ဖြူမွေးဖွားမှုက အများပြည်သူ၏ အယုံအကြည်ကင်းမဲ့ခြင်းနှင့် အရေးမစိုက်ခြင်းတို့ကို ကြုံတွေ့ထားရသည်။

“ကြည့်ရတာ သူတို့က ဒီဆင်ကို နေပူခံလိမ်းဆေး လိမ်းပေးဖို့ မေ့နေတယ် ထင်တယ်” ဟု ဆိုရှယ်မီဒီယာ သုံးသူတစ်ဦးက ယခု ဆင်လေး၏ အဖြူထက် ဖြူဖပ်ဖြူရော်အရောင်ပိုပေါက်နေသည့် ပုံစံနှင့်ပတ်သက်ပြီး ရေးသည်။

“ခုချိန်မှာ ဒီဆင်က အမည်းဖြစ်နေပြီ”

“ဖြူဖြူ၊ မည်းမည်း၊ ဒီဆင်လေးဟာ ခုချိန်မှာ အကျဉ်းသား ဖြစ်နေပြီ” ဟုလည်း အခြား ဆိုရှယ်မီဒီယာသုံးသူတစ်ဦးက ရေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required