လက်နက်နှင့် မူးယစ်ဆေးဝါးများ သယ်လာသည့် ပါကစ္စတန်သင်္ဘောကို အိန္ဒိယ ဖမ်းဆီး

လက်နက်နှင့် မူးယစ်ဆေးဝါးများ သယ်လာသည့် ပါကစ္စတန်သင်္ဘောကို အိန္ဒိယ ဖမ်းဆီး

လက်နက်၊ ခဲယမ်းများနှင့်အတူ ရူပီး ၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါး ၄၀ ကီလိုဂရမ်ခန့် တင်ဆောင်ပြီး အိန္ဒိယရေထုထဲ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ပါကစ္စတန်သင်္ဘောတစ်စင်းကို အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ (ICG) က ဂူဂျာရတ် ကမ်းရိုးတန်းတွင် တားမြစ်ဖမ်းဆီးခဲ့ပြီး သင်္ဘောပေါ်တွင် ပါလာသည့် လူ ၁၀ ဦးကိုလည်း ထိန်းသိမ်းခဲ့သည်။

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့သည် ဂူဂျာရတ်ပြည်နယ် အကြမ်းဖက်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ (ATS) ထံမှ ထောက်လှမ်းရေးသတင်းအချက်အလက်ကို ရရှိပြီးနောက် ဒီဇင်ဘာ ၂၅ ရက် ညပိုင်းနှင့် ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းတို့တွင် နိုင်ငံတကာ ပင်လယ်ရေကြောင်း နယ်စပ်မျဉ်းအနီး ဧရိယာကို ကင်းလှည့်ရန် အမြန်သွားကင်းလှည့်သင်္ဘော ICGS Arinjay ကို မဟာဗျူဟာကျ စေလွှတ်ဖြန့်ကျက်ခဲ့သည်။

ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းတွင် အိန္ဒိယရေပိုင်နက်ထဲတွင် သံသယဖြစ်ဖွယ် သွားလာနေသည့် ပါကစ္စတန်ငါးဖမ်းသင်္ဘော Al Soheli ကို အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က တွေ့ရှိခဲ့သည်။

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က ပါကစ္စတန် သင်္ဘောပေါ်တွင် လိုက်ပါလာသူများကို စတင်မေးမြန်းစုံစမ်းခဲ့ချိန်တွင် ထိုသင်္ဘောပေါ်ပါလာသူများက ကောင်းစွာ မဖြေဘဲ ဝေ့လည်ကြောင်ပတ် လုပ်ခဲ့သလို အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က သတိပေးပစ်ခတ်မှုများ လုပ်ဆောင်ချိန်တွင်လည်း သင်္ဘောကို ရပ်တန့်မပေးခဲ့ပေ။ ထို့နောက် အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့၏ Arinjay ကင်းလှည့်သင်္ဘောက ပါကစ္စတန်သင်္ဘောကို ကြားဖြတ်ဟန့်တားခဲ့ရသည်။

ထို့နောက် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် ပါကစ္စတန်သင်္ဘောပေါ် တက်ပြီး စစ်ဆေးခဲ့ရာတွင် သင်္ဘောသားများ၏ သံသယဖြစ်ဖွယ် အပြုအမူများကို စစ်ဆေးတွေ့ရှိခဲ့သည်။ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ဝင်တို့သည် သင်္ဘောပေါ်တွင် ဆက်လက်ရှာဖွေခဲ့ရာ လက်နက်များ၊ ခဲယမ်းများအပြင် ရူပီး ၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါး ၄၀ ကီလိုဂရမ်ကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် အိန္ဒိယတာဝန်ရှိသူများသည် ထိုသင်္ဘောနှင့် သင်္ဘောပေါ်ပါလာသူများကို ဖမ်းဆီးလိုက်ပြီး ၎င်းတို့အားလုံးကို ထပ်မံစစ်ဆေးရန် ဂူဂျာရတ်ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့ အိုခါသို့ ခေါ်ဆောင်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required