ရန်ကုန် ဇွန် ၂၉။ ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းက ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ကိုဇေယျာ သီရိ သို့မဟုတ် ဖြူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည်ဟု ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင် ဦးတင့်ဇော်က မဇ္ဈိမကိုပြော သည်။
၎င်းက "လက်ရှိတော့ အရင်မဲဆန္ဒနယ်လို့ လျာထားတယ်၊ မွေးရပ်ဖြစ်တဲ့ ဖြူးမြို့နယ်ထဲက ကညွတ်ကွင်း မှာလည်း အလုပ်လုပ်နေ တယ်။ ဒေသခံတွေကလည်း လိုလားကြတယ်" ဟု ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ အပါအဝင် ရွေးကောက်ပွဲသို့ ဝင်ရောက်မည့် သူအားလုံး၏ မဲဆန္ဒနယ်များကို ဇူလိုင်လ အတွင်း ကိုယ်စားလောင်း စိစစ်ရေးအဖွဲ့ နှစ်ဖွဲ့က အပြီးသတ်ဆုံးဖြတ်ရန် သိရှိထားကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင် ဦးအောင်သိန်းလင်းက ပြောထားသည်။
ဦးရွှေမန်းက ၂၀၁၀အထွေထွေရွေးကောက်ပွဲကို ဇေယျာသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိကာ လွှတ်တော်ဥက္ကဌ အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်သည်။
သူရ ဦးရွှေမန်းသည် ၂၀၁၅ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ လူမှုကွန်ယက်တွင် လူထုတု့ိ၏ ပေးစာ အကြံပြုစာများကို ကိုယ်တိုင် ဖတ်ကြား ဖြေဆိုပေးနေသည်။
၂၀၁၅ရွေးကောက်ပွဲသို့ ဝင်ရောက်မည့်သူများသည် ရွေးကောက်ပွဲရက်ကြေညာပြီး ၁ လအတွင်း ကိုယ်စား လှယ်လောင်း အမည် များကိုနေပြည်တော်ကော်မရှင် အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ ကော်မရှင် အဖွဲ့ခွဲ၊ သို့မဟုတ် ခရိုင်ကော်မရှင် အဖွဲ့ခွဲများ သို့ တင်ပြရမည်ဟု သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၂တွင် ပြဌာန်းထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ ကျင်းပမည့်ရက် မတိုင်မီ ရက်ပေါင်း ၁၂၀(၄လ) ကြိုတင် ထုတ်ပြန်ပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သတင်း အချက်အလက် ဌာန(ရန်ကုန်) ဖွင့်ပွဲတွင် ကတိပြုထားသည်။