ပါကစ္စတန် ဝါဇီရစ္စတန်တွင် မိန်းကလေးစာသင်ကျောင်း တိုက်ခိုက်ခံရပြီး လူ ၁ ဦး သေဆုံး

ပါကစ္စတန် ဝါဇီရစ္စတန်တွင် မိန်းကလေးစာသင်ကျောင်း တိုက်ခိုက်ခံရပြီး လူ ၁ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ဝါဇီရစ္စတန်တောင်ပိုင်းခရိုင်တွင် ဒီဇင်ဘာ ၁ ရက်က မိန်းကလေးစာသင်ကျောင်း ၁ ကျောင်းကို စစ်သွေးကြွများက ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လူ ၁ ဦး သေဆုံးပြီး လုံခြုံရေးအမှုထမ်း ၁ ဦး ဒဏ်ရာရခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုသည် ဝါဇီရစ္စတန်တောင်ပိုင်းခရိုင် အာဇမ် ဝါဆက်ခ် ဧရိယာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်တွင် စစ်တပ်ပိုင် မိန်းကလေးစာသင်ကျောင်း၌ မိဘများနေ့ အခမ်းအနား ကျင်းပနေစဉ် စစ်သွေးကြွ များက အနီးအနား တောင်ကုန်းတစ်ခုမှ နေရာယူပြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ကျောင်းဝင်းအတွင်း၌ ရှိနေသော ကျောင်းသားများ၊ မိဘဆရာများ၊ ဝန်ထမ်းများနှင့် လုံခြုံရေးအမှုထမ်းအားလုံး ထိခိုက်မှု မရှိခဲ့ကြောင်း အာဏာပိုင်များကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် မက်စ်တီ ခန်းသည် စာသင်ကျောင်းဘေးမှ ဖြတ်ကာ လမ်းလျှောက်သွားစဉ် ကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ ဒဏ်ရာရရှိသည့် လုံခြုံရေးဝန်ထမ်းကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့သည့်အတွက် အကြမ်းဖက်သမားများသည် ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်ဒေသသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း အရာရှိတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required