ရုရှားနှင့် တရုတ်လေတပ်များ ပူးတွဲ စစ်ရေးလေ့ကျင့်

By Straits Times
06 December 2022
ရုရှားနှင့် တရုတ်လေတပ်များ ပူးတွဲ စစ်ရေးလေ့ကျင့်

ရုရှားနှင့် တရုတ်လေတပ်များသည် အာရှ-ပစိဖိတ်ဒေသတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ရက်တွင် ပြောကြားလိုက်သည်။

“ရုရှားနှင့် တရုတ် လေတပ်များက အာရှ-ပစိဖိတ်ဒေသတွင် နောက်ထပ်ပူးတွဲလေကြောင်းကင်းလှည့်မှုကို လုပ်ဆောင်ခဲ့သည်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားမဟာဗျူဟာမြောက် ဒုံးကျည်တင်လေယာဉ် TU-95 နှင့် တရုတ် Xian H-6 တို့သည် ဂျပန်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်ပြင်ကို ၈နာရီကြာ ပျံသန်းခဲ့သည်။

ယူကရိန်းထိုးစစ်နောက်ပိုင်း အနောက်အုပ်စု၏ အပယ်ခံဖြစ်နေသော ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အာရှနှင့် အထူးသဖြင့် တရုတ်နှင့် ဆက်ဆံရေးကို တိုးမြှင့်ရန် ကြိုးပမ်းခဲ့သည်။

“လေကြောင်းကင်းလှည့်မှုသမိုင်းမှာ ပထမဆုံးအနေနဲ့ ရုရှားလေယာဉ်တွေက တရုတ်မှာ ဆင်းသက်ခဲ့သလို တရုတ်လေယာဉ်တွေကလဲ ရုရှားမှာ ဆင်းသက်ခဲ့ပါတယ်” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယင်းစစ်ရေးလေ့ကျင့်မှုက နိုင်ငံတကာဥပဒေများကို ကောင်းစွာ လိုက်နာပြီး တခြားနိုင်ငံများကို ဆန့်ကျင်ခြင်း မပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ဦးဆောင်သော ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ကို ဖယ်ရှားရန် ရုရှားက ရည်မှန်းချက်ရှိသဖြင့် တရုတ်နှင့် ဘုံသဘောတူညီချက်ကို ရှာဖွေရန် မျှော်လင့်နေသည်။

ယူကရိန်းတွင် ရုရှား၏ စစ်ရေးဆောင်ရွက်မှုကို တရုတ်က ရှုတ်ချခြင်းမရှိဘဲ၊ အကန့်အသတ်မရှိ ချစ်ကြည်ရင်းနှီး မှုရှိနေသော်လည်း တရုတ်က ရုရှားအား လက်နက်များ ထောက်ပံ့ခြင်း မပြုခဲ့ပေ။

အာရှ-ပစိဖိတ်ဒေသသည် အမေရိကန်၊ တရုတ်နှင့် ရုရှားတို့အတွက် မဟာဗျူဟာကျသော ဒေသဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly