စစ်တပ်ပိုင်ဦးပိုင်လီမိတက်နှင့် MEC အား အကြမ်းဖက်အုပ်စုများအဖြစ် NUG ကြေညာ

စစ်တပ်ပိုင်ဦးပိုင်လီမိတက်နှင့် MEC အား အကြမ်းဖက်အုပ်စုများအဖြစ် NUG ကြေညာ

ဒီဇင်ဘာလ ၇ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က စစ်တပ်ပိုင်(စစ်ကောင်စီတပ်) မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း(MEC) တို့ကိုအကြမ်းဖက်အုပ်စုများအဖြစ် ယနေ့ ဒီဇင်ဘာ ၆ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

ယင်းအကြမ်းဖက်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုအားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၃ ၊ ပုဒ်မခွဲ(ဃ)အရ အကြမ်းဖက်အုပ်စုပိုင်ပစ္စည်းများအဖြစ် သတ်မှတ်၍ အများပြည်သူအကျိုး စီးပွားအလို့ငှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၆၊ ပုဒ်မခွဲ(ဌ) နှင့်အညီ ထိန်းချုပ်စီမံခန့်ခွဲသွားမည်ဟု NUG ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ကြေညာသည်။

အဆိုပါ ဦးပိုင်လီမိတက်နှင့် MECတို့သည် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်စေရန် စီးပွားရေး လုပ်ငန်းပေါင်းစုံအား လက်ဝါးကြီးအုပ်ချယ်လှယ်၍ နှစ်စဉ် ဘဏ္ဍာရန်ပုံငွေများစွာ ရှာဖွေထောက်ပံ့လျက်ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ဦးပိုင်လီမိတက်နှင့် MECတို့ ရှာဖွေထားသည့် ဘဏ္ဍာရန်ပုံငွေများသည် အကြမ်းဖက် စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အရာရှိကြီးများအတွက်သာ အကျိုးစီးပွား ဖြစ်ထွန်းလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထိုသို့ စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များ အကျိုးစီးပွား ဖြစ်ထွန်းလျက်ရှိသော်လည်း အောက်ခြေအကြပ် စစ်သည်များမှာမူ ခံစားခွင့် မရှိသလောက်နည်းပါးသည်ကို အမြတ်ခွဲဝေမှုဆိုင်ရာ အထောက်အထား၊ စာရွက်စာတမ်းများအရသိရသည်ဟု NUG က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စုသည် အဆိုပါ အကျိုးအမြတ်များကို အသုံးပြု၍ နေ့စဉ်နှင့်အမျှ နိုင်ငံအဝှမ်းရှိ အပြစ်မဲ့ပြည်သူများအပေါ် လူမဆန်စွာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly