တရုတ်နိုင်ငံတော်စိုက်ပျိုးရေးတက္ကသိုလ်နှင့် ရေးထိုးမည့် နားလည်မှုစာချွန်လွှာသည် တရုတ်အစိုးရက သီရိလင်္ကာ၏ မြေသြဇာကောင်းသော မြေများကို သိမ်းပိုက်ရေးအတွက် လျှို့ဝှက်အစီအစဉ်ဖြစ်သောကြောင့် အဆိုပါ အစီအစဉ်ကို လက်မှတ်ရေးထိုးရန် သီရိလင်္ကာ Jaffna University က ငြင်းဆိုခဲ့သဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့သည်။
သီရိလင်္ကာတက္ကသိုလ်မှ ဒုတိယအဓိပတိ သီရိဆက်ခူနာရာဂျက်က တရုတ်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ရန် နိုဝင်ဘာ ၂၅ ရက်တွင် ငြင်းဆိုခဲ့ပြီး ယင်းသဘောတူညီချက်သည် မြောက်ဘက်နှင့် အရှေ့ဘက်ဒေသတွင် ဖွံ့ဖြိုးရေးစီမံကိန်းများကို အကြောင်းပြ၍ မြေသြဇာကောင်းသော မြေများကို သိမ်းပိုက်ရန် တရုတ်တွင် လျှို့ဝှက် အစီအစဉ်ရှိနေကြောင်း ပြောကြားခဲ့သည်ဟု Ceylon Today သတင်းတွင် ဖော်ပြထားသည်။
ထို့ပြင် ကျောင်းသားသမဂ္ဂက ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး တရုတ်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်မထိုးရန် အစိုးရကို မေတ္တာရပ်ခံခဲ့သည်။
သီရိလင်္ကာအစိုးရက ထောက်ခံအားပေးသည့် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးရန် လျှို့ဝှက် အစီအစဉ်တစ်ခု ပြုလုပ်ခဲ့သည့်အတွက် အံ့သြတုန်လှုပ်မိကြောင်း သီရိလင်္ကာ Jaffna တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ နိုဝင်ဘာ ၂၈ ရက်တွင် တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သည့် ဒုတိယအဓိပတိအား ကျောင်းသားသမဂ္ဂမှ ကျေးဇူးတင်ခဲ့ကြောင်း Ceylon Today က ဖော်ပြခဲ့သည်။
တရုတ်က ပင်လယ်မျှော့မွေးမြူရေးလုပ်ငန်းအကြောင်းပြကာ ပင်လယ်ဧရိယာများကို နည်းအမျိုးမျိုးဖြင့် ရယူခဲ့ သဖြင့် သီရိလင်္ကာ တံငါသည်များအကြား သဘောထားကွဲလွဲရန် ဖန်တီးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြ ထားသည်။
“ဆယ်နှစ်အတွင်း တရုတ်တွင် ဖြစ်ပေါ်လာမည့် ဆိုးရွားသော စားနပ်ရိက္ခာအကျပ်အတည်းကို ကိုင်တွယ်ဖြေ ရှင်းရန် ယခုအခါတွင် မြောက်ဘက်နှင့်အရှေ့ဘက်ရှိ မြေသြဇာကောင်းသော စိုက်ပျိုးမြေများကို သိမ်းယူရန် တရုတ်က ကြံစည်နေသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ပွင့်လင်းမြင်သာမှုမရှိ၍ ရေရှည်မတည်တံ့နိုင်သော တရုတ်ချေးငွေများကြောင့် သီရိလင်္ကာသည် လက်ရှိ အခြေအနေ၏ သားကောင်ဖြစ်လာကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
တရုတ်၏ ချဉ်းကပ်မှုအပေါ် အခြေခံ၍ မြောက်ဘက်နှင့် အရှေ့ဘက်ဒေသရှိ မြေသြဇာကောင်းသော စိုက်ပျိုး မြေများနှင့် ပင်လယ်ကမ်းခြေများကို တရုတ်သို့ ရောင်းချရန် သီရိလင်္ကာအစိုးရနှင့် လျှို့ဝှက်သဘောတူညီချက် များ ပြုလုပ်ထားနိုင်သည်ဟု ကျောင်းသားသမဂ္ဂက သံသယရှိနေသည်။