တရုတ်၏ အသွားအလာပိတ်ဆို့မှုမူဝါဒက ပို့ကုန်ထုတ်စက်မှုနယ်ပယ်များကို ထိခိုက်စေကာ WANA ဒေသများသို့ ဦးလှည့်ရန် တွန်းအားပေးနေ

တရုတ်၏ အသွားအလာပိတ်ဆို့မှုမူဝါဒက ပို့ကုန်ထုတ်စက်မှုနယ်ပယ်များကို ထိခိုက်စေကာ WANA ဒေသများသို့ ဦးလှည့်ရန် တွန်းအားပေးနေ

တရုတ်နိုင်ငံ၏ အသွားအလာပိတ်ဆို့မှု မူဝါဒက ပို့ကုန်ထုတ်လုပ်သော စက်မှုနယ်ပယ်များကို သက်ရောက်ကာ ရပ်တန့်စေခဲ့ပြီး အနောက်အာရှ မြောက်အာဖရိက (WANA) နိုင်ငံများနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ချိတ်ဆက် ခြင်းများ လုပ်ဆောင်ရန် တရုတ်အား တွန်းအားဖြစ်စေသည်။

အလားတူ WANA နိုင်ငံများကလည်း ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု၊ အာကာသစူးစမ်းလေ့လာရေး၊ လက်နက်ဝယ်ယူရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာများတွင် တရုတ်နှင့် လက်တွဲလုပ်ဆောင်ရန် စိတ်အားထက်သန်နေကြောင်း Geopolitik သတင်းဝက်ဘ်ဆိုက်၌ ရေးသားထားသည်။

ပြီးခဲ့သည့်နှစ်က ဘာရိန်း၊ ကူဝိတ်၊ အိုမန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၏ ခရီးစဉ်များအပါအဝင် WANA နိုင်ငံများတွင် ခေါင်းဆောင်များ၏အလည်အပတ်ခရီးစဉ်များနှင့် သဘောတူညီချက်များစွာ လက်မှတ်ရေးထိုးမှုများ ရှိခဲ့သည်။ တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၏ အဓိကရင်းမြစ်အဖြစ် ပေါ်ထွက်လာပြီး စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေသည်။

ပင်လယ်ကွေ့ဒေသ၏ အဓိကရေနံထုတ်လုပ်သူများဖြစ်သည့် ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့သည် စွမ်းအင်နှင့်ပတ်သက်ပြီး အမေရိကန်နှင့် သဘောထားကွဲလွဲမှုများရှိနေချိန်မှာ တရုတ်-WANA စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုက ပိုမိုအားကောင်းလာသည်။

ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်ဘင်ဖာဟန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် အောက်တိုဘာလတွင် ဆော်ဒီ-တရုတ်အဆင့်မြင့် ပူးတွဲကော်မတီ၏ နိုင်ငံရေးနှင့် နိုင်ငံခြားရေးရာကော်မတီ အွန်လိုင်းအစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ကျင်းပခဲ့ကြသည်။

ထို့ပြင် တရုတ်ကုမ္ပဏီ Huawei သည် ကူဝိတ်တွင် လူငယ်များအတွက် 5G၊ cloud ဝန်ဆောင်မှုများနှင့် ICT သင်တန်းများအပါအဝင် လုပ်ဆောင်နေသော စီမံကိန်းအများအပြားရှိသည်။ အီရတ်တွင် China Petroleum Engineering & Construction Corp (CPECC) ကုမ္ပဏီသည် Rumaila ရေနံမြေ၌ ရေနံချက်စက်ရုံအသစ်များ တည်ဆောက်ရန် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် Basra Energy Company Limited နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

အလားတူ မော်ရိုကိုသည် နိုင်ငံတစ်ဝန်းတွင် စီမံကိန်းပေါင်း ၈၀ ကျော်ကို အကောင်အထည်ဖော်နေကာ အာဖရိကတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများအတွက် အရေးပါသောနေရာတစ်ခု ဖြစ်လာခဲ့သည်။ မော်ရိုကိုသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ခါးပတ်လမ်းရပ်ဝန်းအကောင်အထည်ဖော်ရေး ပူးတွဲအစီအစဉ်ကို အတည်ပြုခဲ့သည်ဟု GeoPolitik က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required