တရုတ်နှင့်ရုရှားပူးတွဲလေကြောင်းကင်းလှည့်မှုအပေါ် ဂျပန် စိုးရိမ်

တရုတ်နှင့်ရုရှားပူးတွဲလေကြောင်းကင်းလှည့်မှုအပေါ် ဂျပန် စိုးရိမ်

ဂျပန်ပိုင်နက်ဝန်းကျင်တွင် တရုတ်နှင့်ရုရှားလေတပ်တို့၏ မကြာခဏ ပူးတွဲလှုပ်ရှားမှုများနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းဝန် ဟီရိုကာဖူမာဆုနိုက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားလိုက်သည်။

“နှစ်နိုင်ငငံအကြား ပူးပေါင်း ဆောင်ရွက်မှုကို ကျွန်တော်တို့ စိုးရိမ်စွာနဲ့ စောင့်ကြည့်သွားမှာပါ။ ဂျပန်အနေနဲ့ နယ်နိမိတ်ကို ပြတ်ပြတ်သားသား ကာကွယ်သွားမှာပါ” ဟု မာဆုနိုက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နျူကလီးယားလက်နက်တပ်ဆင်နိုင်သော တာဝေးပစ် ဗျူဟာမြောက် ဗုံးကြဲလေယာဉ် Tu-95MS အပါအဝင် ရုရှားတိုက်လေယာဉ်များသည် ဂျပန်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်အထက်တွင် တရုတ် H-6 ဗုံးကြဲလေယာဉ်များဖြင့် ကင်းလှည့်ပျံသန်းခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ၎င်းတို့ လေယာဉ်သည် ရုရှားလေယာဉ်များနှင့် ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဂျပန်လေတပ်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကလည်း တိုက်လေယာဉ်များကို တုံ့ပြန်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

တရုတ် H-6 ဗုံးကြဲလေယာဉ် ၂ စင်းသည် တာကဲရှီးမားကျွန်းငယ်များ၏ အနောက်မြောက်ဘက်သို့ မသွားမီ မနက်ပိုင်းတွင် ဂျပန်အနောက်တောင်ပိုင်းရှိ ဆုရှီးမားရေလက်ကြားကိုဖြတ်၍ အရှေ့တရုတ်ပင်လယ်မှ ဂျပန်ပင်လယ်သို့ ပျံသန်းခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။

ထိုအချိန်တွင် တာကဲရှီးမားမြောက်ပိုင်း ရေပြင်အထက်၌ ပျံသန်းနေသော သံသယဖြစ်ဖွယ် ရုရှားလေယာဉ်သည် ဦးတည်ချက်ပြောင်းကာ မြောက်ဘက်သို့ ပြန်လှည့်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

အဆိုပါလေယာဉ် ၄ စင်းသည် ဂျပန်လေပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့ခြင်းမရှိဟု ဆိုသည်။

တရုတ်နှင့် ရုရှားတို့သည် ဂျပန်အနီး ရေပြင်ထက်တွင် ဗျူဟာမြောက်ဗုံးကြဲလေယာဉ်များကို ပျံသန်းခဲ့ကြပြီး ထိုအချိန်က ဂျပန်၊ အမေရိကန်၊ ဩစတြေးလျနှင့်အိန္ဒိယတို့ပါဝင်သော Quad အဖွဲ့ထိပ်သီးစည်းဝေးပွဲကို ဆန့်ကျင်ဆန္ဒပြသည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required