စစ်တပ်ကို ဝေဖန်သည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ အနာဂတ်ခရီးလမ်း ကြမ်းတမ်းဖွယ် ရှိ

စစ်တပ်ကို ဝေဖန်သည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ အနာဂတ်ခရီးလမ်း ကြမ်းတမ်းဖွယ် ရှိ

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ယခုနှစ် ဧပြီလ၌ သူ၏ အစိုးရ ဖြုတ်ချခံရမှုအတွက် စစ်တပ်အဖွဲ့အစည်းအပေါ် ဘွင်းဘွင်းရှင်းရှင်း ပြစ်တင်ခဲ့ပြီး စစ်တပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက် ဘာဂျ်ဝါကို အမည်တပ်ဝေဖန်ခဲ့ခြင်းအားဖြင့် စည်းကျော်သည့် လုပ်ရပ်ကိုပြုလုပ်ခဲ့ပြီး ၎င်းကို ရာဝယ်ပင်ဒီ၏ ရန်သူတစ်ဦး ဖြစ်စေခဲ့သည်။

ထို့ကြောင့် အီမရန် ခန်းအတွက် ရှေ့တွင် ကြုံရမည့် ခရီးလမ်းက ကြမ်းတမ်းပြီး ကျင်း၊ ချိုင့်တို့ဖြင့် ပြည့်နှက်မည့်ပုံပေါ်သည်။ စစ်တပ်က သူ့အပေါ် လိုလားမှု မရှိကြောင်း အီမရန် ခန်းအနေဖြင့် ကောင်းစွာ သိနေပြီး ဖြစ်သလို မကြာသေးခင်က သူ့ကို လုပ်ကြံရန် ကြိုးပမ်းမှုက ခန်းအတွက် ရှေ့ကာလတွင် မည်သည့်အခြေအနေနှင့် ထပ်မံကြုံတွေ့ရနိုင်သည် ဆိုသည်နှင့်ပတ်သက်ပြီး အချက်ပြမှုဖြစ်နိုင်ကြောင်း Asian Lite International မီဒီယာက ဖော်ပြသည်။

လက်ရှိအချိန်တွင် အီမရန်ခန်းသည် အဂတိလိုက်စားမှု အမှုတစ်ခုတွင် ကိုယ်တိုင် ပါဝင်ပတ်သက်နေပြီး ထိုအမှုကိစ္စကလည်း သူ့ကို အထိနာစေရန် “ကောင်းစွာ စီစဉ်ထားသော” မဟာဗျူဟာတစ်ခု ဖြစ်နိုင်သည်။

ထို့ကြောင့် စစ်တပ်ဘက်က လုပ်ဆောင်နိုင်သည်က အီမရန် ခန်းကို အားနည်းသွားစေရန်နှင့် ရှေ့ကာလ ရွေးကောက်ပွဲများတွင် ၎င်းဝင်မပြိုင်နိုင်စေရန် ဖြစ်ကြောင်း Asian Lite International က ဖော်ပြသည်။

ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆောလ်မန်က အီမရန် ခန်းကို လက်ဆောင်ပေးခဲ့သည့် ဒေါ်လာ ၂ သန်းတန် Graff လက်ပတ်နာရီတစ်လုံး အပါအဝင် ပါကစ္စတန်၏ အစိုးရဘဏ္ဍာတိုက်မှ လက်ဆောင်များကို ဝယ်ယူခဲ့ကြောင်း ဒူဘိုင်းအခြေစိုက် ပါကစ္စတန် စီးပွားရေးလုပ်ငန်းရှင် အူမာ ဇာဟိုးက မကြာသေးခင်က ထုတ်ဖော်ခဲ့သည်။

ပါကစ္စတန်၏ ဥပဒေအရ ပြည်ပနိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သရေရှိပုဂ္ဂိုလ်များထံမှ လက်ခံရရှိသော မည်သည့် လက်ဆောင်ပစ္စည်းကိုမဆို အစိုးရဘဏ္ဍာတိုက်တွင် ထားရှိရလိမ့်မည် ဖြစ်သည်။

အီမရန် ခန်းသည် အာဏာရချိန်အတွင်း နိုင်ငံခြားခေါင်းဆောင်များထံမှ ရရှိခဲ့သော လက်ဆောင်များနှင့် ပတ်သက်ပြီး တာဝန်ရှိသူများကို လှည့်စားခဲ့ကြောင်း အစိုးရအေဂျင်စီတစ်ခုက ဆုံးဖြတ်ပြီးနောက် ပြီးခဲ့သည့် လတွင် ပါကစ္စတန်ရွေးကောက်ပွဲ ကော်မရှင်က ခန်းကို ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ၅နှစ် ပိတ်ပင်တားမြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly