ကမ္ဘာ့ဖလား ဘောလုံးပွဲထဲ သက်တံရောင်ခြယ်အလံကိုင် အမျိုးသားတစ်ဦး ကျူး‌ကျော်ဝင်ရောက်

ကမ္ဘာ့ဖလား ဘောလုံးပွဲထဲ သက်တံရောင်ခြယ်အလံကိုင် အမျိုးသားတစ်ဦး ကျူး‌ကျော်ဝင်ရောက်
Photo: EPA

သက်တံရောင် အလံကိုင်ထားပြီး အင်္ကျီနောက်ကျောမှာ “အီရန်အမျိုးသမီးတွေကို လေးစားပါ” ဆိုတဲ့ စာတန်း ရေးသားထားတဲ့ အမျိုးသားတစ်ဦးဟာ ကာတာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တနင်္လာနေ့က ပွဲစဉ်မှာ ဘောလုံးကွင်းထဲ ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။

ပေါ်တူဂီနဲ့ ဥရုဂွေးတို့ရဲ့ ဒုတိယပိုင်း ကစားချိန်မှာ အဲဒီအမျိုးသားက ကွင်းထဲကို ဝင်ရောက်လာတာဖြစ်ပြီး စက္ကန့် ၃၀ လောက်ပဲ အကြာမှာ လုံခြုံရေးတွေက ခေါ်ထုတ်သွားခဲ့ပါတယ်။

သူ ဝတ်ဆင်ထားတဲ့ တီရှပ်ရဲ့ ရှေ့ဘက်ခြမ်းမှာတော့ စစ်ပွဲဒဏ်သင့်နေတဲ့ နိုင်ငံကို ရည်ညွှန်းပြီး “ယူကရိန်းကို ကယ်တင်ပါ” ဆိုတဲ့ စာတန်း ရေးထားတာ ဖြစ်ပါတယ်။

“ဒီ ကမ္ဘာ့ဖလားပွဲမှာ ဖြစ်ပျက်တာတွေကို ကျွန်တော်တို့ သိပါတယ်၊ ဒါတွေဟာ ပုံမှန်လိုပါပဲ”ဟု ပေါ်တူဂီ ကစားသမား Ruben Neves က ပြောပါတယ်။

“ပြောရရင် ကျွန်တော်တို့ဟာလည်း အတူတူပါပဲ၊ အီရန်နဲ့ အတူ ရှိတယ်၊ အီရန်အမျိုးသမီးတွေနဲ့ အတူ ရှိတယ်၊ အခု ကောင်လေးမှာ တစ်ခုခု ဖြစ်တာမျိုးတော့ ကျွန်တော် မလိုချင်ဘူး၊ ဘာကြောင့်လည်းဆိုတော့ သူ ပေးချင်တဲ့ သတင်းစကားကို ကျွန်တော်တို့ နားလည်နေလို့ပဲ၊ တစ်ကမ္ဘာလုံးလည်း နားလည်မယ်လို့ ကျွန်တော် ထင်တယ်”ဆိုပြီး သူက ပြောတာပါ။

ကွင်းထဲ ဝင်ရောက်ခဲ့သူဟာ အီတလီနိုင်ငံသား မာရီယို ဖာရီဖြစ်တယ်လို့ အီတလီသတင်းဌာန AGI က ဖော်ပြပါတယ်။

အရင်ကလည်း သူဟာ အလားတူ ဆန္ဒပြတာမျိုးတွေ လုပ်ဆောင်ဖူးပါတယ်။ ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပွဲမှာ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေ အရေးကို ဆန္ဒဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

လိင်တူချစ်သူ အခွင့်အရေးနဲ့ လိင်တူချစ်သူတို့ရဲ့ သင်္ကေတအလံ သက်တံရောင်ခြယ်အလံ အသုံးပြုတာဟာ လိင်တူဆက်ဆံမှုကို တရားမဝင်အဖြစ် သတ်မှတ်ထားတဲ့ ကာတာက ကမ္ဘာ့ဖလားမှာ ပြောဆိုစရာ ဖြစ်နေတာပါ။

မတူကွဲပြားမှုတွေအတွက် စည်းရုံးလှုံ့ဆော်မှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ကစားပွဲအတွင်းမှာ ခွဲခြားဆက်ဆံမှု ဆန့်ကျင်တဲ့ သက်တံရောင်ခြယ် လက်ပတ်တွေ ဝတ်ကြဖို့ ဥရောပအသင်း ခုနစ်သင်းက အသင်းခေါင်းဆောင်တွေက စီစဉ်ခဲ့ကြပါသေးတယ်။

ဒါပေမဲ့ ဘောလုံးပွဲ စည်းကြပ်ရေး ဖီဖာက အဝါကတ် ပြတာအပါအဝင် စည်းကမ်းအရ အရေးယူမှုတွေ လုပ်ဆောင်မယ်လို့ ခြောက်လှန့်တာကြောင့် အစီအစဉ် ပျက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ကျင်းပမယ့် ဝေလ်နဲ့ အင်္ဂလန် ပြိုင်ပွဲကို တက်ရောက်တဲ့အခါ  ဗြိတိန်အားကစားဝန်ကြီး စထရွိုက် အင်ဒရူးက သက်တံရောင်လက်ပတ်ကို ဝတ်ဆင်မှာ ဖြစ်ပါတယ်။

ဂျာမနီ ပြည်ထဲရေးဝန်ကြီး နန်စီ ဖီဆာက ဂျာမနီအသင်း ဂျပန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးတဲ့ ပွဲစဉ်မှာ ဖီဖာဥက္ကဋ္ဌ Gianni Infantino ဘေးမှာ ထိုင်ခဲ့စဉ်ကလည်း လိင်တူချစ်သူတွေကို ရည်ညွှန်းတဲ့ OneLove စာတန်းပါ လက်ပတ်ကို ဝတ်ဆင်ခဲ့ပါတယ်။

ကစားပွဲတွေ လာကြည့်ရာမှာ သက်တံရောင်ပါ အဝတ်အစားတွေကို ချွတ်ထားခဲ့ဖို့ ပြောဆိုတာ ခံရတယ်လို့ အစောပိုင်းက ပွဲကြည့်ပရိသတ်တွေကလည်း ညည်းညူပြောဆိုထားကြပါတယ်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly