အမေရိကန်အောက်လွှတ်တော်မှ ရီပတ်ဘလီကန်ခေါင်းဆောင် ကယ်ဗင်မက်ကာသီက အမေရိကန်အစိုးရ သည် တရုတ်အား ကြံ့ကြံ့ခံရပ်တည်နိုင်ခြင်းမရှိဟု စွပ်စွဲကာ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပါက တရုတ်နိုင်ငံဆိုင်ရာ ကော်မတီတစ်ရပ် ဖွဲ့စည်းမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ရက်တွင် ပြောကြား လိုက်သည်။
“ဉာဏပစ္စည်းခိုးယူမှုနဲ့ ပတ်သက်ပြီး တရုတ်က နံပါတ် ၁ ပါပဲ” ဟု ၎င်းက Fox News လူတွေ့မေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ဒါကို ရပ်တန့်အောင်လုပ်ပြီး အစိုးရအဖွဲ့က ငြိမ်နေတာကို ခွင့်မပြုနိုင်ပါဘူး။တရုတ်က အမေရိကကို လုပ်ချင်တိုင်းလုပ်နေတာကို လွှတ်ထားလို့ မရပါဘူး”
ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ အဒမ်ရှစ်ဖ်အပါအဝင် အောက်လွှတ်တော် အဓိက ကော်မတီများမှ ဒီမိုကရက်များအား ကတိအတိုင်း ဖြုတ်ချသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ထောက်လှမ်းရေးကော်မတီမှ ကိုယ်စားလှယ် အိုင်းရစ် စီးဝဲလ်နှင့် ကိုယ်စားလှယ် အိုင်ဟန်အိုမားတို့အား နိုင်ငံခြားရေးရာကော်မတီမှ ဖယ်ရှားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မက်ကာသီသည် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲတွင် ၎င်း၏ပါတီက အောက်လွှတ်တော်နေရာအများစုကို အနိုင်ရရှိခဲ့ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌဖြစ်လာရန် ကြိုးပမ်းနေသော်လည်း ဇန်နဝါရီလတွင် ကွန်ဂရက် လွှတ်တော်သစ် စတင်ချိန်တွင် တရားဝင်ရွေးကောက်ခံရရန် မဲအများစုရရှိရန် လိုအပ်မည်ဖြစ်သည်။
မက်ကာသီသည် နိုဝင်ဘာ ၁၅ရက်က ရီပတ်ဘလစ်ကန် အောက်လွှတ်တော် ခေါင်းဆောင်ရွေးကောက်ပွဲတွင် သဘောထားတင်းမာသူ ကွန်ဆာဗေးတစ် ကိုယ်စားလှယ် အန်ဒီဘစ်အား ၁၈၈-၃၁ မဲဖြင့် ပါတီတွင်း ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနအား အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
FBI ဒါရိုက်တာ ခရစ်တိုဖာဝေရီက အမေရိကန်လွှတ်တော်အမတ်များကို နိုဝင်ဘာ ၁၇ရက်တွင် တရုတ်အစိုးရက တရားဝင်ခွင့်ပြုချက်မရှိသော ရဲစခန်းများ တည်ထောင်ခြင်းနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း ပြောကြားခဲ့ ပြီးနောက်
မက်ကာသီက ၎င်း၏ပါတီသည် အမေရိကန်ရှိ တရုတ်ရဲစခန်းများကို ပိတ်ပစ်မည် ဖြစ်ကြောင်း Fox News သို့ ပြောကြားခဲ့သည်။
နယူးယောက်အပါအဝင် ကမ္ဘာ့မြို့ကြီး များတွင် တရုတ်ရဲ ဝန်ဆောင်မှုစခန်း ဒါဇင်များစွာ ဖွင့်လှစ်ထားကြောင်း စက်တင်ဘာလတွင် ဥရောပအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Safeguard Defenders က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။