ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာတွင် မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ၍ ၆ ဦး သေဆုံး

By ကိုရွှေမြိတ်
24 November 2022
ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာတွင် မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ၍ ၆ ဦး သေဆုံး

နိုဝင်ဘာ ၂၄

မဇ္ဈိမ။ ။တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာနှင့် ဇာရွာအကြားရှိ တံတားဖြူအနီး တွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်က မိုင်းရှင်းလင်းရန်ရောက်ရှိလာသော အင်အား ၃၀ နီးပါးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းမြှုပ်နှံထားသောနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ခြောက်ဦးခန့် ထိခိုက်သေဆုံးခဲ့ကြောင်း Dawel Guerrilla Revolutionary Force-DGRF အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်တွင် မိုင်းရှင်းရန်လာသည့် စစ်ကောင်စီတပ်သားများမှာ မိုင်းပေါ်တွင် စုဝေးမိသဖြင့် DGRFအဖွဲ့မှ ၆၀ မမ ဗုံးဆံနှစ်လုံးအပါဝင် မိုင်းသုံးလုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ရာ စစ်ကောင်စီ တပ်သားခြောက်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

Dawel Guerrilla Revolutionary Force-DGRF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက “စစ်သားတွေ မိုင်းပေါ်မှာရပ်ပြီး လိုက်စစ်နေချိန်မှာ ဖောက်ခွဲလိုက်တာပါ၊ ကျွန်တော်တို့ ထိခိုက်မှုမရှိဘဲ ဘေးကင်းစွာ ပြန်ဆုတ်လာနိုင်ခဲ့ပါတယ်။ အနီးအနားကရွာတွေကိုတော့ စစ်ကောင်စီတပ်က သေနတ်နဲ့ရမ်းသန်းပစ် ခတ်ခဲ့တယ်” ဟု ပြောသည်။

ယခုကဲ့သို့ မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၂ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ်များဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း

#ထားဝယ်မြို့နယ်

#DGRF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required