တရုတ်နိုင်ငံ iPhone စက်ရုံတွင် ဝန်ထမ်းများ ဆန္ဒပြမှုဖြစ်ပွား

တရုတ်နိုင်ငံ iPhone စက်ရုံတွင် ဝန်ထမ်းများ ဆန္ဒပြမှုဖြစ်ပွား

တရုတ်နိုင်ငံ ကျန်းကျိုးမြို့ရှိ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံတွင် ဆန္ဒပြမှုဖြစ်ပွားသည့် ဗီဒီယိုများ အွန်လိုင်းပေါ်၌ ပျံ့နှံ့လျက်ရှိသည်။

ယင်းကဲ့သို့ ဆန္ဒပြရာတွင် အလုပ်သမားရာနှင့်ချီသည် ချီတက်လာကြပြီး တချို့က ကာကွယ်ရေး ဝတ်စုံ ဝတ်ဆင်ထားသူများ ရဲများနှင့် ထိပ်တိုက်ထိတွေ့မှုဖြစ်ပွားခဲ့သည်။ အလုပ်သမားများကို ရဲများက ရိုက်နှက်သည့် မြင်ကွင်းကို တိုက်ရိုက်ထုတ်လွှင့်သည့်ဗီဒီယိုများတွင် တွေ့မြင်ရသည်။

တိုက်ရိုက်ထုတ်လွှင့်သောအင်တာနက်စာမျက်နှာတွင် မျှဝေထားသော ဗီဒိယို၌ အလုပ်သမားများက ‘ငါတို့ရဲ့ အခွင့်အရေးကို ကာကွယ်ကြပါ’ ဟု အော်ဟစ်နေကြသည်။ တခြားအလုပ်သမားများကလည်း စောင့်ကြည့်ရေး ကင်မရာများနှင့် ပြတင်းပေါက်များကို ရိုက်ခွဲခဲ့ကြသည်။

အလုပ်သမားများက ၎င်းတို့ကို ကျွေးသောအစားအသောက်နှင့် ကတိပြုထားသည့် အပိုဆုကြေးမရရှိမှုနှင့် ပတ်သက်၍ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“သူတို့က စာချုပ်ကို ပြင်ဆင်လိုက်တော့ ကတိပေးထားတဲ့အတိုင်း ထောက်ပံ့ကြေးမရတော့ပါဘူး။ ကျွန်တော်တို့ကို သီးသန့်ခွဲထားပြီးတော့ အစားအသောက်လည်းမပေးပါဘူး။ ကျွန်တော်တို့လိုအပ်ချက်ကို သူတို့ မဖြေရှင်းပေးနိုင်ရင် ကျွန်တော်တို့ကတော့ ဆက်ပြီး တောင်းဆိုရမှာပဲ” ဟု Foxconn ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက တိုက်ရိုက်ထုတ်လွှင့်၍ ပြောဆိုခဲ့သည်။

ရဲများ၏ ရိုက်နှက်မှုကို ခံရပြီး လူတစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးနိုင်ကြောင်း ၎င်းက ပြောသည်။

ကျန်းကျိုးစက်ရုံတွင် မကြာသေးမီက စတင်အလုပ်ဝင်ခဲ့သည့် ဝန်ထမ်းတစ်ဦးကလည်း Foxconn က ကတိပြုထားသည့် စာချုပ်ကို ပြောင်းလဲခဲ့ခြင်းကြောင့် အလုပ်သမားများက ဆန္ဒပြနေကြကြောင်း BBC သို့ ပြောကြားခဲ့သည်။

“အလုပ်သမားတွေက သူတို့အတွက်ထောက်ပံ့ကြေးကို လိုချင်နေကြပြီး အိမ်ကို ပြန်ချင်လို့ ဆန္ဒပြနေကြတာပါ” ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက စက်ရုံတွင် ရဲအင်အားအများအပြား လုံခြုံရေးချထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required