ထိုင်းတောင်ပိုင်းတွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာရ

ထိုင်းတောင်ပိုင်းတွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာရ
Photo - AFP

နိုဝင်ဘာ ၂၃

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် နိုဝင်ဘာ ၂၂ ရက်က ရဲစခန်းဝင်းတစ်ခုအတွင်း ကားဗုံးပေါက်ကွဲမှုကြောင့် လူ တစ်ဦး သေဆုံးပြီး အခြား လူ ၃၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကဲ့သို့ ဝတ်စားထားသည့် ပြစ်မှုကျူးလွန်သူတစ်ဦးက ဖောက်ခွဲရေးပစ္စည်းများ အပြည့်ပါလာသည့် ကားကို ဝင်းအတွင်း လာရောက် ရပ်နားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

“ဒါက ကားဗုံးခွဲမှုဖြစ်တယ်။ ကျွန်တော်တို့ ဒီဧရိယာမှာ ရှင်းလင်းရေးတွေ လုပ်နေဆဲဖြစ်ပါတယ်။ ဒဏ်ရာရသူဦးရေ ထပ်ပြီးတိုးလာနိုင်ပါသေးတယ်” ဟု နာရာသီဝတ် ပြည်နယ်၏ ရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီး နစ်တီ ဆက်ခ်ဆန်းက ပြောသည်။

ကားဗုံးကွဲမှုကြောင့် ရဲတစ်ဦး သေဆုံးကြောင်း ၎င်းက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများ အပါအဝင် ဒဏ်ရာရသူ ၂၉ ဦးသည် ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေရကြောင်း နာရာသီဝတ် ရတ်ဂျနာဂရင်ဒရာ ဆေးရုံမှ ညွှန်ကြားရေးမှူး ပွန်ပရာစစ် ဂျန်ထရာက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထိုင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ထုတ်ဖော်ပြောဆိုပြီး အများပြည်သူ ဘေးကင်းလုံခြုံရေးအစီအမံများကို တိုးတက်အောင် လုပ်ဆောင်ရန် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ လုံခြုံရေးအေဂျင်စီများကို ညွှန်ကြားခဲ့ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ အနူချာ ဘူရာပါချိုင်းစရီက ပြောသည်။

ဆိုရှယ်မီဒီယာပေါ် ရောက်လာသည့် ဓာတ်ပုံများထဲတွင် အထပ်နိမ့်အဆောက်အအုံတချို့ ရှိရာ ဝင်းတစ်ခုအတွင်း ကားတစ်စီးထံမှ မီးခိုးမည်းများ ထွက်နေသည်ကို တွေ့ရသည်။

အဆိုပါ ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် ခြံဝင်း၏ မျက်နှာချင်းဆိုင်တွင် မပေါက်ကွဲသေးသော နောက်ထပ်ဗုံးတစ်လုံးကို ဗုံးရှင်းအဖွဲ့တစ်ခုက တွေ့ခဲ့ကြောင်း ထိုင်းနေ့စဉ်သတင်းစာ The Nation က ဖော်ပြသည်။

“ဒါကတော့ ပေါက်ကွဲမှုတစ်ခု ဖြစ်ချိန်မှာ ရောက်လာမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပိုကြီးတဲ့ ဒုတိယဗုံးတစ်လုံးနဲ့ ထပ်ပြီး ဖောက်ခွဲတိုက်ခိုက်ဖို့ ကြံစည်တဲ့ ပုံစံဖြစ်တယ်။ ဒါဟာ တောင်ပိုင်းက သောင်းကျန်းသူတွေရဲ့ ဝိသေသလက္ခဏာ ဖြစ်တယ်” ဟု အဆိုပါ သတင်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သူကမှ မိမိလက်ချက်ဟု တာဝန်ခံ ထုတ်ဖော်ခြင်း မရှိပေ။

မလေးရှားနှင့် နယ်စပ်ချင်းထိစပ်နေသော ထိုင်း တောင်ပိုင်း ပြည်နယ်များတွင် ဆယ်စုနှစ်များကြာ လယ်ဗယ်နိမ့် သောင်းကျန်းမှုများကို မြင်တွေ့ထားရပြီး အဆိုပါ နိုင်ငံတောင်ပိုင်းရှိ မွတ်စလင် အများစုရှိရာ ပြည်နယ်များဖြစ်သည့် ပတ္တနီ၊ ယာလာ၊ နာရာသီဝတ် နှင့် ဆောင်ခလာ၏ ဧရိယာတချို့တွင် လွတ်လပ်ရေး တောင်းခံသော လျှို့ဝှက်သိုသိပ်သည့် အဖွဲ့များကို ထိုင်းအစိုးရက နှိမ်နင်းတိုက်ခိုက်ထားခဲ့ရသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly