နိုင်ငံကာကွယ်ရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေးကို မြှင့်တင်သွားမည်ဟု ထိုင်ဝမ်သမ္မတ ကတိပြု

By Taipei Times
15 November 2022
နိုင်ငံကာကွယ်ရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေးကို မြှင့်တင်သွားမည်ဟု ထိုင်ဝမ်သမ္မတ ကတိပြု

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က နိုင်ငံတော်၏ ကိုယ်ပိုင်ကာကွယ်ရေး စွမ်းရည်များ မြှင့်တင်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် လုပ်ဆောင်သွားမည်ဟု နိုဝင်ဘာ ၁၄ ရက်က အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်ပေ၌ တွေ့ဆုံစဉ် ကတိပြုခဲ့သည်။

“ထိုင်ဝမ်ဟာ အာဏာရှင် ချဲ့ထွင်မှုကို ဆန့်ကျင်ကာကွယ်တဲ့ ရှေ့တန်းမှာ ရပ်တည်နေတာကြောင့် နိုင်ငံတော် ကာကွယ်ရေး စွမ်းရည်ကို ဆက်လက် ခိုင်ခံ့စေပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြတ်ပြတ်သားသား ဆက်လက်ထိန်းသိမ်းသွားမှာပါ” ဟု ဝါရှင်တန်အခြေစိုက် အမေရိကန်တိုးတက်ရေးစင်တာအဖွဲ့ခေါင်းဆောင် သောမတ်စ်ဒါရှဲကို ပြောကြားခဲ့သည်။

စိုင်အင်ဝမ်က ထိုင်ဝမ်အတွက် စစ်ဘက်ဆိုင်ရာရောင်းချမှု ၆ ခုကို ခွင့်ပြုသည့်အတွက်နှင့် ထိုင်ဝမ် ရေလက်ကြားတွင် လွတ်လပ်စွာ ရေကြောင်းသွားလာမှုဆိုင်ရာ စစ်ဆင်ရေးများကို လုပ်ဆောင်ပေးသည့်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် ထိုင်ဝမ်အကြား ဆက်ဆံရေးသည် မကြုံစဖူး ခိုင်မာကြောင်းနှင့် လွန်ခဲ့သည့် နှစ် ၄၀ အတွင်း ထိုင်ဝမ်တွင် ဒီမိုကရေစီတိုးတက်မှုကိုလည်း လေးစားအားကျကြောင်း သောမတ်စ်ဒါရှဲက ပြောသည်။

ဒီမိုကရေစီသည် နိုင်ငံတော်လုံခြုံရေး ခိုင်မာမှုအပေါ်တွင် မူတည်သလို ရီပတ်ဘလင်ကန်များနှင့် ဒီမိုကရက်များအပြင် အမေရိကန်အစိုးရအရာရှိများနှင့် အမေရိကန်ကွန်ဂရက်အဖွဲ့ဝင်များ အားလုံးက ထိုင်ဝမ်ကို ပိုမိုလုံခြုံသောနေရာဖြစ်စေရန် ရည်ရွယ်ထားသည်ဟု ယုံကြည်ကြောင်းနှင့် ဒီမိုကရေစီနှင့် လုံခြုံရေးအပြင် စီးပွားရေးအင်အား၏ အရေးပါမှုကို လျစ်လျူရှု၍မရကြောင်း သောမတ်စ်ဒါရှဲက ဆိုသည်။

ထို့ပြင် သောမတ်စ်ဒါရှဲက ထိုင်ဝမ်သည် အမေရိကန်၏ အဋ္ဌမမြောက်အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်ကြောင်း မှတ်ချက်ပြုလျက် ၂၁ ရာစု ကုန်သွယ်ရေးတွင် အမေရိကန်-ထိုင်ဝမ် ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုများဆက်လက်ဖြစ်ပေါ်ရန်နှင့် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုအတွက် အခြားနယ်ပယ်များ ဖွံ့ဖြိုးတိုးတက်လာရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required