ကမ္ဘာ့ဝီဂါကွန်ဂရက်က ဘယ်လ်ဂျီယံ၌ အပြည်ပြည်ဆိုင်ရာဝီဂါဖိုရမ်ကို ကျင်းပ

By Tibet Rights Collective
11 November 2022
ကမ္ဘာ့ဝီဂါကွန်ဂရက်က ဘယ်လ်ဂျီယံ၌ အပြည်ပြည်ဆိုင်ရာဝီဂါဖိုရမ်ကို ကျင်းပ

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပပါလီမန်တွင် နိုဝင်ဘာ ၉ ရက်က အပြည်ပြည်ဆိုင်ရာဝီဂါဖိုရမ်ကို ကျင်းပခဲ့ပြီး ကမ္ဘာ့ဝီဂါကွန်ဂရက် (WUC) ဥက္ကဋ္ဌ ဒိုလ်ကန်အီဆာက ဧည့်သည်များကို ကြိုဆိုခဲ့ကာ ဝီဂါလူမျိုးတုံးသတ်ဖြတ်မှု အလျင်အမြန်အဆုံးသတ်ရေးလိုအပ်ကြောင်း တက်ရောက်သူများကို သတိပေးခဲ့သည်။

ဖိုရမ်သို့ မူဝါဒ၊ စီးပွားရေး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာ၊ ပညာရပ်နှင့် ဥပဒေရေးရာနယ်ပယ်၊ ဝီဂါနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များအပါအဝင် ကမ္ဘာတစ်ဝန်းမှ ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်ခဲ့သည်။

"အပြည်ပြည်ဆိုင်ရာ ဝီဂါဖိုရမ်ကို ပြည်သူ့သမိုင်းတစ်လျှောက်အရေးပါတဲ့ကာလမှာ ကျင်းပလိုက်တာပါ။

“ကုလသမဂ္ဂက ဝီဂါအစီရင်ခံစာကို ထုတ်ပြန်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့တဲ့နောက် အခု တကယ့်မေးခွန်းက ဝီဂါတွေရဲ့ဒုက္ခတွေကို အဆုံးသတ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လို အရေးယူဆောင်ရွက်သွားမလဲ ဆိုတာပဲဖြစ်ပါတယ်” ဟု WUC ဥက္ကဋ္ဌ အီဆာက ပြောသည်။

“အရှေ့တာကစ္စတန်က သန်းနဲ့ချီတဲ့လူတွေဟာ တရုတ်အာဏာပိုင်တွေရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကြံ့ကြံ့ခံ နေရပါတယ်။ ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုဟာ လူမျိုးရေး၊ ဘာသာရေးနှင့် နိုင်ငံရေး နောက်ခံတွေရှိတဲ့ လူသား မျိုးနွယ်တွေရဲ့ မလွှဲရှောင်သာတဲ့ အကျပ်အတည်းပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဘုံတန်ဖိုးတွေကို ခြိမ်းခြောက်နေတာကြောင့် တရုတ်နိုင်ငံဟာ ကမ္ဘာ့ဘုံအကျိုးစီးပွားကို ခြိမ်းခြောက် တာပါပဲ။ ပြတ်ပြတ်သားသား လုပ်ဆောင်ရမယ့် အချိန်ရောက်ပါပြီ” ဟု အရှေ့တာကစ္စတန် အဖွဲ့အစည်းများ၏အပြည်ပြည်ဆိုင်ရာသမဂ္ဂ (IUETO) ဥက္ကဌ ဟီဒါယက်အိုဂူဇန်က ပြောကြားခဲ့သည်။

“ဝီဂါ၊ ကာဇတ်နဲ့ တခြားလူမျိုးစုတွေအပေါ် တရုတ်က ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု အဆုံးသတ်သွားဖို့နဲ့ တာဝန်ရှိတဲ့သူတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိတ်ဆို့အရေးယူသွားမယ်လို့ မျှော်လင့်ပါတယ်” Hasene အဖွဲ့ ဥက္ကဋ္ဌ မီဆက်ဂူဘာဟာက ဆိုသည်။

အပြည်ပြည်ဆိုင်ရာဝီဂါဖိုရမ်သည် လက်ရှိစိန်ခေါ်မှုများနှင့် အရေးယူမှုအတွက် အခွင့်အလမ်းများကို ဆွေးနွေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အရှေ့တာကစ္စတန်ပြည်သူများ၏ အကျပ်အတည်းကို ဖြေရှင်းရန် လိုအပ်သည့် ကမ္ဘာ့တုံ့ပြန်မှုများကို ဖော်ဆောင်ရန် ရည်ရွယ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required