ပုလောမြို့နယ်၌ ၁ ပတ် အတွင်း စစ်ကောင်စီတပ်သား ၄၀ နီးပါး သေဆုံး

By ကိုရွှေမြိတ်
11 November 2022
ပုလောမြို့နယ်၌ ၁ ပတ် အတွင်း စစ်ကောင်စီတပ်သား ၄၀ နီးပါး သေဆုံး

November 11

မဇ္ဈိမ ။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာ တစ်လျှောက်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်ကာ ၈ ရက်နေ့ အထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ ဘက်က ၄၀ နီးပါး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ တပ်ရင်း (၁) ၏ သတင်းနှင့် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

စစ်ရေး တင်းမာမှု ဖြစ်နေသည့် ပုလောမြို့နယ်မှာ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သလို စစ်ကောင်စီ ယာဉ်တန်း အပါဝင် ခြေလျင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းခွဲ တိုက်ခိုက်ခြင်းအပြင် အလစ်ငိုက် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့ ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်၊ တပ်ရင်း (၁) ၏ သတင်းနှင့် ပြန်ကြားရေး အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြော သည်။

ပြည်သူ့ ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်၊ တပ်ရင်း (၁) ၏ သတင်းနှင့် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက“တိုက်ပွဲကတော့ အခု ရက်ပိုင်းမှာ တောက်လျှောက် ဖြစ်ခဲ့တယ်၊ စစ်တပ်ဘက်က ထိခိုက် သေဆုံးမှု များခဲ့သလို PDF နဲ့ အရပ်သား ထိခိုက် သေဆုံးမှုတွေလည်း ရှိခဲ့တယ်”ဟု ပြော သည်။

ထိုသို့ နှစ်ဖက် အပြန်အလှန် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖက်ကလည်း သုံးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သလို တစ်ဦး ကျဆုံးခဲ့သည်။

အလားတူ စစ်ကောင်စီက တိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ် အရပ်သားများကို ဖမ်းဆီးမှုကြောင့် ဒေသခံ အရပ်သား ကိုးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့ကြောင်း PDF ရဲဘော်များထံမှ သိရ သည်။

တစ်ပတ် အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် အများစုမှာ ပုလောမြို့နယ် အတွင်းရှိ ပဝတ်ကုန်းရွာ၊ မင်းထိတ်ကျေးရွာ၊ သင်္ကန်းတောရွာ၊ တပိုရွာ၊ တိုရွာနှင့် တန်းရှင်းရွာတို့တွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ထိုအတူ ထိခိုက်မှုများခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့က ပုလောမြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့သော စစ်ရှောင်နေရသည့် အရပ်သား နေအိမ် ၁၀ လုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ပုလောမြို့နယ်

#စစ်ကောင်စီတပ်ဖွဲ့

#ပြည်သူ့ကာကွယ်ရေးတပ်မတော်

#တနင်္သာရီတိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required