နိုင်ငံတကာသတင်းများကို မဖတ်ကြရန် တရုတ် စည်းမျဉ်းထိန်းသိမ်းရေးအရာရှိကြီးများ မှာကြား

နိုင်ငံတကာသတင်းများကို မဖတ်ကြရန် တရုတ် စည်းမျဉ်းထိန်းသိမ်းရေးအရာရှိကြီးများ မှာကြား

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ နိုင်ငံတကာသတင်းဖော်ပြချက်များအား ဖတ်ရှုခြင်းကို ရှောင်ကြဉ်သင့်ကြောင်း တရုတ်လုံခြုံရေးဆိုင်ရာစည်းမျဉ်းထိန်းသိမ်းရေး ထိပ်တန်း အရာရှိတစ်ဦးက နိုဝင်ဘာ ၂ ရက်တွင် ပြုလုပ်သော ကမ္ဘာ့ဘဏ်လုပ်ငန်းရှင်များ ထိပ်သီးအစည်းအဝေးတွင် မှတ်ချက်ပြုခဲ့ပြီး အကြီးတန်း အမှုဆောင် ၂ ဦးကလည်း ထိုအကြံပြုချက်ကို ထောက်ခံခဲ့ကြသည်။

တရုတ်လုံခြုံရေးဆိုင်ရာစည်းမျဉ်းထိန်းသိမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဖန်းရှင်းဟိုင်၏ ထိုအကြံပြုချက်ပါသည့် ကြိုတင်ရိုက်ကူးထားသော တွေ့ဆုံမေးမြန်းခန်းကို ဟောင်ကောင်တွင်ကျင်းပသော ထိပ်သီးအစည်းအဝေး၌ ထုတ်လွှင့်ပြသခဲ့သည်။

“ကျွန်တော့်ရဲ့ နေ့စဉ်လုပ်ငန်းခွင်မှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူ အများအပြားနဲ့ ဆက်ဆံရပါတယ်။ တရုတ်နိုင်ငံက ဖြစ်ရပ်တွေအကြောင်းရေးသားထားတဲ့ နိုင်ငံတကာမီဒီယာတွေရဲ့ သတင်းတွေကို သူတို့တွေ အလွန်အကျွံ ဖတ်မိမှာကို စိုးရိမ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် မီဒီယာအတော်များများက တရုတ်အကြောင်း ကောင်းကောင်း နားမလည်ပါဘူး။ သူတို့က ရေတိုပဲကြည့်တာပါ။ နိုင်ငံတကာမီဒီယာတွေကို အရမ်းမဖတ်ကြပါနဲ့” ဟု ဆိုသည်။

နိုင်ငံရေးမငြိမ်သက်မှုများနှင့် ကပ်ရောဂါအသွားအလာပိတ်ဆို့မှုများက ဟောင်ကောင်၏ စီးပွားရေးဂုဏ်သိက္ခာကို ညှိုးမှိန်စေသလို အရည်အချင်းရှိသူများအား အစုလိုက်အပြုံလိုက် ထွက်ခွာစေခဲ့ကာ စီးပွားရေးကို ထိခိုက်စေခဲ့ပြီးနောက် အဆင့်မြင့်အရာရှိများ၏ သီတင်း ၁ ပတ်ကြာ အစည်းအဝေးကျင်းပလာခြင်းဖြစ်သည်။

တရုတ်သည် ကိုဗစ်လုံးဝကင်းစင်ရေးမဟာဗျူဟာကို လက်ကိုင်ပြုထားသည့် နောက်ဆုံးစီးပွားရေးနိုင်ငံဖြစ်ပြီး ရုတ်တရက်အသွားအလာပိတ်ဆို့ခြင်း၊ အစုလိုက်အပြုံလိုက်ရောဂါစစ်ဆေးခြင်းနှင့် ကာလရှည်ကြာ သီးသန့်ခွဲထားစောင့်ကြည့်ခြင်းများ ပြုလုပ်နေဆဲဖြစ်သည်။

အဆိုပါ အစီအမံများသည် ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်သော်လည်း ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေး လုပ်ငန်းများအတွက် စီးပွားရေးကို ပိုမိုအထိနာစေခဲ့သည်။

ပြီးခဲ့သည့် ၁၈ လအတွင်း အကြွေးဆပ်ရန် ပျက်ကွက်မှုများသည် တရုတ်အိမ်ခြံမြေကဏ္ဍာကို အထိနာစေခဲ့ပြီး ထိုအကြောင်းအရာအများစုကို နိုင်ငံတကာမီဒီယာများက ဖော်ပြခဲ့ကြသည်။

တရုတ်နိုင်ငံတွင် ပြည်တွင်းမီဒီယာကို နိုင်ငံတော်က ထိန်းချုပ်ထားပြီး အပျက်သဘောဆောင်သော သို့မဟုတ် ဝေဖန်ရေးသားသောသတင်းများကို နှိပ်ကွပ်ရန် ဆင်ဆာဖြတ်တောက်မှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သည်။

ပြီးခဲ့သည့်လက စံချိန်တင် တတိယမြောက်သက်တမ်းကို ရယူနိုင်ခဲ့သော သမ္မတရှီကျင့်ဖျင်သည် တရုတ်နိုင်ငံအား ကိုဗစ်လုံးဝကင်းစင်ရေးကန့်သတ်ထိန်းချုပ်မှုနှင့်ပတ်သက်၍ ဖြေလျှော့ပေးမည့်အချိန်ကာလကို အရိပ်အမြွက်ပြောဆိုခြင်းမပြုပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required