ကရင်ရိုးရာ အခြေခံဂျပ်ခုတ်ထည်သင်တန်းကို CDM အမျိုးသမီးတစ်ဦးက ကရင်ပြည်နယ်တွင် သင်ကြားပေးနေ

By ထူးထူး (MMTI)
05 November 2022
ကရင်ရိုးရာ အခြေခံဂျပ်ခုတ်ထည်သင်တန်းကို CDM အမျိုးသမီးတစ်ဦးက ကရင်ပြည်နယ်တွင် သင်ကြားပေးနေ

နိုဝင်ဘာ ၅

စစ်အာဏာသိမ်းပြည်ပြီးနောက် CDM ပြုလုပ်လာခဲ့သည့် အမျိုးသမီးတစ်ဦးက ကရင်ရိုးရာ အဝတ်အထည် ရက်လုပ်မှုသင်တန်းဖြစ်သည့် အခြေခံဂျပ်ခုတ်ထည်သင်တန်းကို ကရင်ပြည်နယ်အတွင်း သင်ကြားနေကြောင်း သိရသည်။

ဆရာမဖြစ်သူမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့ရုပ်မြင်သံကြား (MRTV) မှ CDM ပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကရင်ပြည်နယ်ရှိ လွတ်မြောက်နယ်မြေတစ်ခုတွင် နေထိုင်လျှက်ရှိသည်။ ယင်းဆရာမ သင်ကြားသည့် ကရင်ရိုးရာဂျက်ခုတ်ထည်သင်တန်းကို အောက်တိုဘာ ၁၉ ရက်က ပထမဆုံးအကြိမ် သင်တန်းဆင်းပေးနိုင်ခဲ့သည်။

သင်တန်းကို ကျေးရွာများမှ လူငယ် ၁၈ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲကို ဖားအံခရိုင်၊ နဘူးမြို့နယ်၊ ချောင်းဝိုင်းကျေးရွာတွင် ကရင်လူငယ်များတို့မှ ဦးဆောင်ပြုလုပ်ခဲ့ကြသည်။

၎င်းသင်တန်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကို သင်တန်းစီစဉ်သူ ကရင်လူငယ်တစ်ဦးက ယခုလိုပြောသည်။

"အခုသင်တန်းက ဒီမြို့နယ်မှာ ပထမဆုံးလုပ်တာပေါ့နော်၊ အဓိကတော့ ကရင်ရိုးရာကိုထိန်းသိမ်းဖို့နဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းလုပ်နိုင်ဖို့ဖြစ်တယ်၊ ဒါက အခြေခံရက်တိုသင်တန်းပဲရှိသေးတယ်၊ ဒီသင်တန်းပြီးရင် သူတို့တွေ နောက်ဒီထက်မြင့်တဲ့အဆင့်တက်ရအုံးမယ်" ဟု ပြောသည်။

သင်တန်းသား၏ သင်ယူမှုအပေါ် အားရကျေနပ်မှုလည်းရှိသလို တစ်ချို့အပိုင်းမှာ အားရကျေနပ်မှုမရှိဘူးလို့ သင်တန်းဆရာမက ယခုလိုပြောသည်။

"ဒီသင်တန်းက ကျမအတွက် ပထမဆုံးအကြိမ်လည်းဖြစ်တယ်။ သင်တန်းသားအပါ်မှာ အားရမှုလည်းရှိသလို မအားရမှုလည်းရှိတာပေါ့နော်။ သူတို့တွေက ကိုယ့်ကိုအချိန်ပေးပြီး ဒီသင်တန်းကိုလာတက်တယ်။ တစ်ခုသင်လိုက်တာနဲ့ သူတို့မှာမှတ်နိုင်စွမ်းရှိတယ်" ဟု ပြောသည်။

သင်တန်းကာလတွင် စိတ်ဝင်တစ်စားသင်ယူကြသော်လည်း လက်တွေ့ပြန်လုပ်ဆောင်သည့်ချိန်မှာ လိုအပ်ချက်ရှိနေသေးသည့်အတွက် အားရကျေနပ်မှုမရှိဘူးလို့ ၎င်းဆရာမက ပြောသည်။

ကရင်ရိုးရာ ဂျပ်ခုတ်ထည်သည် မြေပြန့်ဒေသတွင် ပျောက်ကွယ်လုနီးပါးဖြစ်ပြီး တောင်ပါ်ဒေသတွင်မှာသာ ထိန်းသိမ်းကြသည်။

"ဘယ်တိုင်းရင်းသားမဆို သူတို့ရိုးရာ,ယဉ်ကျေးမှုဓလေ့ရှိတယ်၊ ဂျပ်ခုတ်ထည်ပညာရပ်က ကျမတို့ကရင်ရိုးရာ တစ်ခုဖြစ်တယ်၊ ဒီပညာရပ်တတ်တဲ့ ကရင်လူငယ်တော်တော်ရှားပါးတယ်၊ လူငယ်တွေ ဒီပညာရပ်တွေကို သင်စေချင်တယ်၊ ပြီးတော့ ကိုယ်ရိုးရာဓလေ့ထုံးတမ်း၊ ရိုးရာအက မပျောက်ပျက်အောင် ကရင်လူငယ်တွေ ထိန်းသိမ်းကာကွယ်ပါ၊ ဘယ်ရိုးရာမဆိုထိန်းသိမ်းသင့်တယ်"ဟု သင်တန်းဆရာမကဆက်ပြောသည်။

ကရင်ရိုးရာဂျပ်ခုတ်ထည်သည် ချည်တိုင်ဖောက်စီထားသည့်ချည်ကို ခပ်မြင့်မြင့်နေရာတွင် တန်းတင်ကာ ကြမ်းပြင်တွင် ခြေဆင်းထိုင်ရပြီး ရက်လုပ်ရသည့်အတတ်ပညာတစ်မျိုးဖြစ်သည်။

စစ်အာဏာမသိမ်းမီ ၂၀၁၉ခုနှစ် NLDအစိုးရလက်ထက်တွင် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ်မြောက် ကရင်ရိုးရာ ဂျပ်ခုတ်ထည်ဒီဇိုင်းပြိုင်ပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးပြီး ဖားအံမြို့ ဇွဲကပင်ခန်းမ၌ စည်ကမ်းသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required