ကရင်နီနယ်ရှိ တော်လှန်ရေးအဖွဲ့များကို ထောက်ပံရန် အထူးငွေတိုက်စာချုပ် NUG ရောင်းချ

ကရင်နီနယ်ရှိ တော်လှန်ရေးအဖွဲ့များကို ထောက်ပံရန် အထူးငွေတိုက်စာချုပ် NUG ရောင်းချ

November 5

ကရင်နီနယ်ရှိ တော်လှန်ရေးအဖွဲ့များကို ထောက်ပံရန် အထူးငွေတိုက်စာချုပ်ကို NUG ကစတင် ရောင်းချလျက်ရှိသည်။

NUG Bond for Karenni ဟု အမည်ပေးထားသည့် ယင်းပရောဂျက်မှာ စစ်ကောင်စီကို အိပ်ရေးပျက်ညများ ဖန်တီးပေးနေသည့် ကရင်နီပြည်နယ်အတွက် ဖြစ်သည်ဟု NUG ကဆိုသည်။

" NUG အစိုးရအနေနဲ့ NUG Bond for Karenni ကို ရောင်းချပေးနိုင်ဖို့အတွက် စီစဉ်ပေးခဲ့ပြီး Bond for Karenni ရောင်းချလို့ ရရှိလာတဲ့ ငွေကြေးအားလုံးကို ကရင်နီတော်လှန်ရေး အင်အားစုများရဲ့ စစ်ဖက်ဆိုင်ရာကိစ္စရပ်များအတွက် သီးသန့်အသုံးပြုသွားစေမှာဖြစ်ကာ တော်လှန်ရေးပြီးဆုံးသွား ချိန်မှာတော့ အဆိုပါ Bond ရောင်းရငွေများကို NUG အစိုးရကနေ တာဝန်ယူပြီး ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်" ဟု NUG Bond က ထုတ်ပြန်သည်။

မြေမျက်နှာသွင်ပြင်များအရ ကရင်နီနယ်သည် စစ်ကောင်စီခြေကုပ် ယူထားသည့် နေပြည်တော်နှင့် ကွာဝေးခြင်းမရှိကြောင်း၊ ယင်း ဒေသတွင် ဖြစ်ပွားသည့် တိုက်ပွဲမှန်သမျှမှာ စစ်ကောင်စီခေါင်းဆောင်များကို ခြိမ်းခြောက်နေသည်ဟု NUG ကဆိုသည်။

" ဒီ အန္တရာယ်ကိုသိတဲ့အတွက်ကြောင့်လည်း အကြမ်းဖက် စစ်တပ်ဟာ ကရင်နီပြည်နယ်ကို စစ်အင်အား၊ လက်နက်အင်အား အလုံးအရင်းနဲ့ စစ်ဆင်နေခဲ့တာလည်း ဖြစ်ပါတယ်" ဟု NUG ကဆိုသည်။

ယင်းသို့ ထိုးစစ်ဆင်နေသော်လည်း ကရင်နီပြည်နယ်သည် စစ်ကောင်စီတပ်ဖွဲ့များအတွက် အကျအဆုံးအများအပြားဖြင့် အထိနာနေသည့် နေရာတစ်ခု ဖြစ်သည်။

"တော်လှန်ရေးအဖွဲ့အစည်းများဟာ လက်နက်ကိရိယာ မပြည့်စုံကြပေမယ့်လည်း သူတို့တွေရဲ့ ရဲစွမ်းပကားနဲ့ တိုက်ပွဲဝင်စိတ်ဓါတ်တွေကြောင့် ကရင်နီပြည်နယ်ဟာ အကြမ်းဖက်စစ်တပ်ကို အကျအဆုံးများစေတဲ့၊ အထိနာစေတဲ့ ဒေသတစ်ခု ဖြစ်လာစေခဲ့ပါတယ်" ဟု NUG ကဆိုသည်။

လက်နက်အင်အား မပြည့်စုံသော်လည်း အကြမ်းဖက်စစ်တပ်ကို အထိနာအောင် ရင်ဆိုင်တိုက်ခိုက်ပေးနေသည့် ကရင်နီတော်လှန်ရေးအင်အားစုများကို ကူညီ ထောက်ပံရန်အတွက် Bond များကို ဝယ်ယူ ပေးကြရန် NUG Bond က တိုက်တွန်းထားသည်။

အာဏာသိမ်းချိန်မှစပြီး ကရင်နီပြည်နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား ရင်ဆိုင်တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly