ရုရှားက စစ်ပွဲဖြစ်နေသော်လည်း တရုတ်က အမေရိကန်အတွက် ထိပ်တန်းခြိမ်းခြောက်မှု ဖြစ်နေသေးကြောင်း ပင်တဂွန်ကစစ်ဌာနချုပ် ထုတ်ပြန်

By SCMP
01 November 2022
ရုရှားက စစ်ပွဲဖြစ်နေသော်လည်း တရုတ်က အမေရိကန်အတွက် ထိပ်တန်းခြိမ်းခြောက်မှု ဖြစ်နေသေးကြောင်း ပင်တဂွန်ကစစ်ဌာနချုပ် ထုတ်ပြန်

ယူကရိန်းတွင် ရုရှားက စစ်ဖြစ်နေသော်လည်း တရုတ်က အမေရိကန်အတွက် အကြီးမားဆုံး လုံခြုံရေးစိန်ခေါ်မှု အဖြစ် ဆက်လက်တည်ရှိနေပြီး တရုတ်၏ ခြိမ်းခြောက်မှုက အမေရိကန်စစ်တပ်လက်နက်တပ်ဆင်ရေးနှင့် အနာဂတ်ကို ပုံဖော်ပေးမည်ဖြစ်ကြောင်း ပင်တဂွန်ကာကွယ်ရေးဗျူဟာသစ်က ဖော်ပြလိုက်သည်။

အောက်တိုဘာ ၂၇ရက်က ထုတ်ပြန်လိုက်သည့်စာတမ်းတွင် တရုတ်နှင့် ပဋိပက္ခသည် ရှောင်လွှဲ၍မရသလို နှစ်လိုဖွယ်လည်း မဟုတ်ကြောင်း ပြောကြားထားပြီး၊ တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုသော စစ်ရေးတည်ဆောက်မှုနှင့် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်အား ဖိအားများပိုမိုပေးလာခြင်းစသည့်“အဓိက ဒေသများ” တွင် လုပ်ဆောင်ချက်များကို တားဆီးရန် ကြိုးပမ်းချက်ကို ဖော်ပြထားသည်။

အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန် မဟာမိတ်များကို အားနည်းစေရန် တရုတ်က လုပ်ဆောင်နေပြီး အိမ်နီး ချင်းများကို ခြိမ်းခြောက်ရန် ယင်း၏ အင်အားကြီးမားလာနေသော စစ်အင်အားကို အသုံးပြုနေကြောင်း သတိပေးထားသည်။

စာမျက်နှာ ၈၀ ပါသည့် လုံခြုံရေးကိစ္စအမျိုးအစားခွဲခြားမထားသော အစီရင်ခံစာတွင် ယူကရိန်းတွင် ရုရှား၏ စစ်ပွဲအကြောင်းကို ဖော်ပြထားပြီး ရုရှား၏ နျူကလီးယားလက်နက်များ၊ ဆိုက်ဘာ စစ်ဆင်ရေးများနှင့် တာဝေးပစ်ဒုံးကျည်များသည် အမေရိကန်နှင့် မဟာမိတ်များအတွက် အန္တရယ်ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်နှင့် ရုရှားတို့သည် မိတ်ဖက်များအဖြစ် ဆက်လက်ခိုင်မာလာသည်နှင့်အမျှ ယင်းတို့သည် “အကြမ်းဖက် ခြိမ်းခြောက်မှုများ ဆက်လက်ရှိနေပြီး အမိမြေဘေးကင်းလုံခြုံရေးအတွက် အန္တရယ်ရှိနေသည်” ဟု သတိ ပေးထားသည်။

“နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းကို ပြန်လည်ပုံဖော်ရန် နှစ်နိုင်ငံစလုံးက ကြံရွယ်နေသော်လည်း တရုတ်ကသာ တစ်ခုတည်းသော ပြိုင်ဘက်ဖြစ်သည်” ဟု ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပင်တဂွန်တွင် ပြောကြားခဲ့သည်။

“ရုရှားက တရုတ်လို ရေရှည်မှာ အမေရိကန်ကို စနစ်တကျ စိန်မခေါ်နိုင်ပါဘူး။ ဒါပေမဲ့ ရုရှားရဲ့ ရန်စမှုက ကျွန်တော်တို့ရဲ့ အကျိုးစီးပွားနဲ့ တန်ဖိုးထားမှုတွေကို လတ်တလော ခြိမ်းခြောက်နေပါတယ်”

အစီရင်ခံစာတွင် အမေရိကန်က အဓိကနျူကလီးယားလက်နက်တပ်ဆင်ထားသည့် ရုရှားနှင့် တရုတ် ပြိုင်ဖက် ၂ဦးကို ပထမဆုံးအကြိမ် ရင်ဆိုင်နေရကြောင်း ဖော်ပြခဲ့သည်။

ရုရှား၏ ခြိမ်းခြောက်မှုသည် ကြောက်စရာကောင်းသော်လည်း တရုတ်ကသာ လာမည့်ဆယ်စုနှစ်များအတွင်း “မဟာဗျူဟာမြောက် ပြိုင်ဘက်” အဖြစ် ဆက်လက်တည်ရှိနေမည်ဟု ယင်းက နိဂုံးချုပ်ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required