တရုတ်၏ ခြိမ်းခြောက်မှုကြောင့် အမေရိကန်က ထိုင်ဝမ်သို့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်မည့် အကူအညီပေးရန် ဆုံးဖြတ်

By Taipei Times
30 October 2022
တရုတ်၏ ခြိမ်းခြောက်မှုကြောင့် အမေရိကန်က ထိုင်ဝမ်သို့ ကာကွယ်ရေးစွမ်းရည် မြှင့်တင်မည့် အကူအညီပေးရန် ဆုံးဖြတ်

တရုတ်၏ ခြိမ်းခြောက်မှုများ ဆက်လက်ရှိနေခြင်းကြောင့် ဘက်မမျှသော ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ရန် ထိုင်ဝမ်၏ ကြိုးပမ်းမှုများကို အမေရိကန်က ဆက်လက်ပံ့ပိုးပေးမည်ဟု ကာကွယ်ရေးဌာနက အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် မဟာဗျူဟာကာကွယ်ရေးစာတမ်းတွင် ဖော်ပြထားသည်။

“အကျိုးစီးပွားနဲ့ အာဏာလွှမ်းမိုးမှုအတွက် အင်ဒိုပစိဖိတ်ဒေသနဲ့ နိုင်ငံတကာစနစ်ကို ပုံစံပြောင်းလဲဖို့ အတင်းအဓမ္မရန်လိုလုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံက အမေရိကန်နဲ့ ဒေသတွင်းက မဟာမိတ်တွေအတွက် ခြိမ်းခြောက်မှုကို ဖြစ်စေပါတယ်” ဟု ပင်တဂွန်က ထုတ်ပြန်သည့် အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်က အရှေ့တရုတ်ပင်လယ်၊ထိုင်ဝမ်ရေလက်ကြား၊ တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယကဲ့သို့ နိုင်ငံများနှင့် နယ်စပ်အငြင်းပွားမှုများတွင် ချုပ်ကိုင်နိုင်ရန် လုပ်ဆောင်မှုများကို ရင်ဆိုင်ကာကွယ်မည့် မဟာမိတ်နိုင်ငံတို့၏ ကြိုးပမ်းမှုများကို အမေရိကန်က ပံ့ပိုးပေးသွားမည်ဟုလည်း ဖော်ပြထားသည်။

တရုတ်အနေဖြင့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ နျူကလီးယားထိပ်ဖူး ၁၀၀၀ ထက်မနည်းကို တပ်ဆင်သွားနိုင်ကြောင်း လည်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားထားသည်။

“အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ ဒေသတွင်းက မိတ်ဖက်တွေကို စစ်ရေးအရ ရန်စခြင်းအပါအဝင် အင်အားသုံးဖို့ ရည်ရွယ်ချက်နဲ့ ပြဿနာတစ်စုံတစ်ရာ မဖြစ်ခင်နဲ့ ဖြစ်နေချိန်နမှာ နျူကလီးယားလက်နက်အင်အားကို မြှင့်တင်ဖို့ တရုတ်က နည်းလမ်းသစ်တွေကို အသုံးချလာနိုင်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံတော်လုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက အစိုးရအနေဖြင့် အမေရိကန်၏ ထိုင်ဝမ်ဆက်ဆံရေး အက်ဥပဒေအရေ ထိုင်ဝမ်၏ ကာကွယ်ရေးစွမ်းရည်များ မြှင့်တင်ရေးတွင် ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ကူညီမှုအပေါ်နေ အမေရိကန်ကာကွယ်ရေးဌာနက ထိုင်ဝမ်သို့ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်များ ရောင်းချရေးကို စက်တင်ဘာ ၂ ရက်၌ အတည်ပြုခဲ့ခြင်းအား ကာဘီက ကိုးကားပြောကြားခဲ့သည်။ ယင်းလက်နက်များတွင် သင်္ဘောဖျက် Harpoon ဒုံးကျည် အစင်း ၆၀၊ ဝေဟင်ပစ် Sidewinder ဒုံးကျည် အစင်း ၁၀၀ နှင့် စီချူးစီရင်စုဦ၊ ဝူဖန်းမြို့ရှိ လီရှန်ရေဒါစခန်းအတွက် သယ်ပို့ယာဉ်များ ပါဝင်ခဲ့သည်။

အမေရိကန်၏ ထိုင်ဝမ်ဆိုင်ရာမူဝါဒသည် ပြောင်းလဲလိုက်ခြင်း မဟုတ်သောကြောင့် တရုတ်အနေဖြင့် အမေရိကန်၏ လက်နက်ရောင်းချမှုကို စစ်ဖြစ်ရန်အတွက် ရမယ်မရှာရန်လည်း ကာဘီက ထည့်သွင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required