ထားဝယ် အလုပ်ရုံ၌ မီးလောင်မှု ဖြစ်ပွားရာ အသက်ကြီးပိုင်း အမျိုးသမီး မီးလောင် သေဆုံး

By ကိုရွှေမြိတ်
02 November 2022
ထားဝယ် အလုပ်ရုံ၌ မီးလောင်မှု ဖြစ်ပွားရာ အသက်ကြီးပိုင်း အမျိုးသမီး မီးလောင် သေဆုံး

November 2

မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ ကညုံရပ်ကွက် သမဝါယမလမ်းရှိ လက်ဖက်အလုပ်ရုံတွင် ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွင် မီးလောင်မှု ဖြစ်ပွားရာ အသက် (၇၀) နှစ်ကျော် အမျိုးသမီး တစ်ဦး မီးလောင် သေဆုံးခဲ့ကြောင်း ယင်းမြို့ခံများထံမှ သိရ သည်။

ထားဝယ်မြို့ ကညုံရပ်ကွက် သမဝါယမလမ်းရှိ အိမ်အမှတ် (၃၆၆) တွင် ဖယောင်တိုင် မီးထွန်းထားစဉ် အလုပ်သမားများက မီးလောင်မှု ဖြစ်ပွားမည်ကို စိုးရိမ်၍ နံဘေးရှိ ဂက်(စ်) အိုးကို နေရာ ပြောင်းရွေ့ရာမှ ပိုက်ပြုတ်ထွက်ပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “မီးလောင်မှုကြောင့် နေအိမ်ပိုင်ရှင် အသက်ကြီးပိုင်း အမျိုးသမီး တစ်ဦး သေဆုံးပါတယ်၊ နောက်ပြီး အလုပ်သမား အမျိုးသမီး သုံးဦးလည်း မစိုးရိမ်ရ ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့တယ်”ဟု ပြော သည်။

ယင်း မီးလောင်မှုကြောင့် နေအိမ်ရှင်၏ မိသားစုဝင် တစ်ဦး ဖြစ်သည့် အသက် (၇၈) နှစ်ရှိ ဒေါ်သိန်းသိန်းသည် မီးလောင်မှုဖြစ်ပွားစဉ် နေအိမ် အတွင်း ပိတ်မိ မီးလောင် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၁၀ သိန်းရှိကြောင်း ခရိုင် မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတွင် မီးလောင်မှုကြောင့် အမှုဖွင့် အရေးယူနိုင်ရန် ထားဝယ်မြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မီးလောင်မှု

#ထားဝယ်မြို့မရဲစခန်း

#မီးသတ်ဦးစီးဌာန

#တနင်္သာရီတိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required