မင်းကင်းမြို့နယ် ပျူစောထီးစခန်း ဝင်ရောက်စီးနင်းခံရပြီး စစ်ကောင်စီတပ်သား ၅ဦးသေဆုံး၊ သေနတ် ၃လက်ရရှိ

By လွှမ်းမိုး
02 November 2022
မင်းကင်းမြို့နယ် ပျူစောထီးစခန်း ဝင်ရောက်စီးနင်းခံရပြီး စစ်ကောင်စီတပ်သား ၅ဦးသေဆုံး၊ သေနတ် ၃လက်ရရှိ

November 2

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် ရှဲကျေးရွာနှင့် သေမသောက်ကျေးရွာတွင် ဝင်ရောက်တပ်စွဲနေထိုင်သည့် ပျူစောထီးစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဝင်ရောက်စီးနင်းခဲ့ရာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့များဘက်မှ ငါးဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် နှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း SRF တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးက ပြောသည်။

“ကျနော်တို့ မဟာမိတ် တပ်ဖွဲ့တွေစုပြီး ရန်သူ့ကင်းပုန်းတွေ အားနည်းနေမယ်လို့ ယူဆရတဲ့ အချိန် နံနက်ခင်း လေးခွဲ လောက်ကနေ စတင်ပြီး ချဉ်းကပ်ခဲ့တယ်။ ရန်သူ့ကင်းပုန်းကို ကျော်ပြီး ရွာတစ်ဝက်လောက်ထိ ဝင်ရောက်စီးနင်းခဲ့တယ်။ တိုက်ပွဲမှာ လက်နက်ကြီးနဲ့ လက်နက်ငယ်တွေ အသုံးပြုပြီး ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲကြာချိန် တစ်နာရီခွဲလောက်မှာ ကျနော်တို့ ရဲဘော် နှစ်ဦး ကျည်ထိမှန်ခဲ့လို့ ကျနော်တို့ပြန်ဆုတ်ခဲ့ရတယ်။ အခုချိန်မှာတော့ ရဲဘော်တွေ သတိပြန်လည်လာပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ပါဘူး။ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ဘက်မှာ မျက်မြင်သေဆုံးသူကတော့ ငါးဦး ရှိတယ်။ ကျနော်တို့ ဘက်က ကာဘိုင် သုံးလက် ရရှိခဲ့ပါတယ်” ဟု SRF သတင်းနှင့်ပြန်ကြားရေးက မဇ္ဈိမကို ပြောသည်။

ယင်းတိုက်ပွဲကို မင်းကင်း တပ်ရင်း(၁) ၊ မင်းကင်း တပ်ရင်း(၄) နှင့် Studen’t Revolution Force (SRF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း

#မင်းကင်းမြို့နယ်

#စစ်ကောင်စီတပ်

#ပျူစောထီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required