ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဗုံးပေါက်ကွဲမှုကြောင့် ဘူးဂါးလျှပ်စစ်ရုံးဝန်ထမ်း အချို့ဖမ်းဆီးခံရ

By ကချင်လေး
01 November 2022
ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဗုံးပေါက်ကွဲမှုကြောင့် ဘူးဂါးလျှပ်စစ်ရုံးဝန်ထမ်း အချို့ဖမ်းဆီးခံရ

November 1

(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အစိုးရအဖွဲ့ရုံးအတွင်း ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ဘူးဂါးလျှပ်စစ်ရုံးဝန်ထမ်းအချို့ကို စစ်ကောင်စီက ယမန်နေ့ညမှစ၍ ဖမ်းဆီးစစ်ဆေးနေ‌ကြောင်း ဝန်ထမ်းအချို့ထံမှ ကနဦးစုံစမ်းသိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၃၀ရက် ည‌နေ ၆ နာရီကျော်ခန့်က ဖြစ်ပွားခဲ့သော အစိုးရအဖွဲ့ရုံးအတွင်း ဗုံးပေါက်ကွဲမှုအပြီးတွင် အစိုးရရုံးနှင့် ဝန်ကြီးများအိမ်ရာ (VIP မီးလိုင်း) ရှိ လျှပ်စစ်မီးပိုင်းကို တာဝန်ယူလုပ်ဆောင်ပေးနေရသော ဘူးဂါးလျှပ်စစ်ရုံးဝန်ထမ်း ခုနစ်ဦးကို ယမန်နေ့ ည ၉ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွား‌သည်ဟု ဆိုသည်။

“ဗုံးလာခွဲတဲ့သူက ကျနော်တို့လျှပ်စစ်ဝန်ထမ်းလို ပုံဖျက်ပြီး ဝင်သွားလို့ လာဖမ်းသွားတာပဲလို့တော့ ကောက်ချက်ချလို့ရတယ်။ တာဝန်ကျတဲ့ အစောင့် ငါးယောက်နဲ့ လူကြီးနှစ်ယောက်ကို လာခေါ်သွားတယ်။ အခုထိတော့ သူတို့ကို ထိန်းသိမ်းထားတုန်းပဲ။ ဘယ်မှာလည်းတော့ ကျနော်တို့လည်း မသိရသေးဘူး” ဟု ဘူဂါးရုံးမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဘူးဂါးရုံးဝန်ထမ်းတစ်ဦး ထိခိုက်သေဆုံးခဲ့ရကြောင်း ကြားသိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဘူးဂါးလျှပ်စစ်ရုံးမှ ဝန်ထမ်းအမျိုးသား ခြောက်ဦးကိုလည်း ၂၀၂၁ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သေးသည်။

ကေအိုင်အို၏ စီးပွားရေးဌာနသည် ဘူးဂါးကုမ္ပဏီလီမိတက် Buga Co.Ltd ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA တွင် ၁၉၉၅ ခုအစောပိုင်းက မှတ်ပုံတင်ထားခဲ့ပြီး၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များမှာ လျှပ်စစ်ဖြန့်ဖြူးခြင်းလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ကချင်ပြည်နယ်

#အစိုးရအဖွဲ့ရုံး

#ဗုံးပေါက်ကွဲမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly