အမျိုးသားစာပေဆုရ ရသဝတ္ထုစာရေးဆရာ မောင်သာရ ကွယ်လွန်

အမျိုးသားစာပေဆုရ ရသဝတ္ထုစာရေးဆရာ မောင်သာရ ကွယ်လွန်

မြန်မာစာပေ လောကတွင် လုံးချင်းဝတ္ထုများဖြင့် ထင်ရှားခဲ့သူ အမေရိကန်နိုင်ငံရောက် နိုင်ငံရေး ဒုက္ခသည် စာရေးဆရာ မောင်သာရသည် ဖေဖေါ်ဝါရီ ၂၉ ရက်တွင် နေထိုင်ရာ အမေရိကန်နိုင်ငံ  Las Vegas မြို့တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

မတ်လ ၁ ရက် နံနက်တွင် Las Vegas မြန်မာဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်ကာ တရားတော်နာယူ၍ အမျှအတမ်းဝေရန် ကျန်ရစ်သူ မိသားစုက ပြင်ဆင်လျက်ရှိသည်။

ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ်ရှိပြီး အမည်ရင်းမှာ ဦးသိန်းလွင်ဖြစ်သည့် စာရေးဆရာ မောင်သာရသည် မန္တလေး ဇာတိဖြစ်ပြီး ၁၉၅၁ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သည်။

၁၉၅၃ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ ထောင်ချခံခဲ့ရပြီး “ ညှာချွေတစ်ခက် ကျွေရက်ကယ်စော ” ဝတ္ထုဖြင့် တဟုန်ထိုး နာမည်ကျော်ကြားခဲ့သူဖြစ်သည်။ “ကျဉ်တုတ်ခံဝံ့ မခံဝံ့” လုံးချင်း ဝတ္တုမှာ သူ၏ ထင်ရှားသည့် ဒီမိုကရေစီရေးကျောင်းသားလှုပ်ရှားမှုဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ထိုဝတ္ထုကို ၁၉၇၁ ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ် ထုတ်ဝေခဲ့ပြီး အမှာစာတွင် “လီနင်၏ စကာတစ်ခွန်းကို ကျနော် အမှတ်ရလာပါသည် ငါတို့သည် စစ်ကို ရွံရှာစက်ဆုတ်ကြသည် မှန်ပေသည့် ရံဖန်ရံခါတွင် ထို ရွံရှာစက်ဆုတ်ဖွယ်ရာသော စစ်ပွဲတို့ကို ငါတို့ တိမ်းရှောင်နေ၍ မရ၊ ပါဝင်တိုက်ခိုက်ကြရသည်သာ ” ဟု ရေးသားခဲ့သည်။

ဆရာ မောင်သာရ၏ ဝတ္ထုများစွာအနက် “ကျဉ်တုတ်ခံဝံ့ မခံဝံ့ ”ဝတ္ထုအပြင်၊ “ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း” “ရှင်ဘုရင်နဲ့ ညားတော့မိဖုရား” “ယုန်နဲ့အတူပြေး ခွေးနဲ့ အတူလိုက်” “ဒို့ဘက်က ကြည့်တော့ သူရဲကောင်း သူတို့ဘက်ကကြည့်တော့ သစ္စာဖောက် ”စသည့် ဝတ္ထုများမှာလည်း ထင်ရှားသည်။ “ မတ်တပ်ရပ်လို့ လမ်းမှာငို ” ဝတ္ထုဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly