ပါကစ္စတန်နိုင်ငံ၏ ၃ပုံ ၁ပုံခန့် ရေလွှမ်းခံရသော်လည်း စစ်တပ်အကြီးအကဲ ခန့်အပ်မှုက ထိပ်တန်းသတင်းဖြစ်နေ

ပါကစ္စတန်နိုင်ငံ၏ ၃ပုံ ၁ပုံခန့် ရေလွှမ်းခံရသော်လည်း စစ်တပ်အကြီးအကဲ ခန့်အပ်မှုက ထိပ်တန်းသတင်းဖြစ်နေ

ပါကစ္စတန်နိုင်ငံတွင် သမိုင်းတစ်လျှောက် အဆိုးဆုံးသော ရေကြီးမှုတစ်ခုနှင့် ရင်ဆိုင်နေရသော ပြည်သူတို့၏ အကျပ်အတည်း ဒုက္ခများကို မေ့လျော့ထားရင်း လက်ရှိအချိန်တွင် နိုင်ငံ၌ စစ်တပ်ခေါင်းဆောင်သစ်တစ်ဦး ရွေးချယ်ရေးကိစ္စက သတင်းခေါင်းစဉ်များတွင် အဓိကထိပ်တန်းသတင်းအဖြစ် နေရာယူလျက် ရှိသည်။

ပါကစ္စတန်စစ်တပ်အကြီးအကဲ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက်ဒ် ဘာဂျ်ဝါသည် ယခုနှစ် နိုဝင်ဘာလတွင် အနားယူတော့မည် ဖြစ်ရာ ရေကြီးမှုဒဏ် အကြီးအကျယ် ခံထားရသော ပါကစ္စတန်နိုင်ငံ၌ စစ်တပ်အကြီးအကဲသစ် ခန့်အပ်မှုအပေါ်တွင် အားလုံးက အာရုံစိုက်နေကြောင်း Islam Khabar မီဒီယာက ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံတွင် အောက်တိုဘာလ၌ ရှောင်တခင် ရွေးကောက်ပွဲတစ်ရပ် ခေါ်ယူကျင်းပသင့်ကြောင်း ဧပြီလက ရာထူးမှ ဖြုတ်ချခံရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက မကြာသေးခင်က ပြောခဲ့သည်။ ရွေးကောက်ပွဲများတွင် ခန်း အနိုင်ရပါက ၎င်း၏ နိုင်ငံရေး ပြိုင်ဘက်များ (ခန်းက ၎င်းတို့ကို သူခိုးများဟု သုံးနှုန်း) အနေဖြင့် လက်ရှိ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါ၏ နေရာကို ဆက်ခံမည့်သူကို ရွေးချယ်နိုင်မည် မဟုတ်တော့ပေ။

အီမရန် ခန်းက ရွေးကောက်ပွဲများတွင် ၎င်းအနိုင်ရလိမ့်မည်ဟု ယူဆသလို ထိုကဲ့သို့ အနိုင်ရပါက ၎င်းကို ဝေဖန်ရှုတ်ချသူများအနေဖြင့် ၎င်းတို့၏ အဂတိလိုက်စားမှုကို လျစ်လျူပြုပေးနိုင်သည့် စစ်တပ်အကြီးအကဲတစ်ဦးကို ခန့်အပ်နိုင်တော့မည် မဟုတ်ဟု ယုံကြည်နေကြောင်း Islam Khabar က ဖော်ပြသည်။

အီမရန်ခန်းက တကယ်တမ်းတွင် မည်သည်ကို လိုချင်နေသလဲ။ အမှန်တကယ်တမ်းတွင် ၎င်းသည် ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါနေရာ ဆက်ခံမည့်သူကို ရွေးချယ်ချင်နေသည်။ ၎င်းသည် ဗိုလ်ချုပ်ကြီး ဖိုင့်ဇ် ဟာမီးဒ်ကို ISI ထောက်လှမ်းရေးအကြီးအကဲအဖြစ် အချိန်တစ်ခုကြာ ဆက်ရှိစေချင်ခဲ့သည်။ သို့သော် ထိုစိတ်ကူးကို စစ်တပ်အကြီးအကဲ ဘာ့ဂျ်ဝါက ပယ်ချခဲ့သည်။ ဖိုင့်ဇ် ဟာမီးဒ်သည် နိုဝင်ဘာလတွင် ဘာဂျ်ဝါ၏ နေရာ ဆက်ခံနိုင်သည့် ယှဉ်ပြိုင်ဘက်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly