ကုလသမဂ္ဂ အစည်းအဝေး၌ ကက်ရှ်မီးယားကိစ္စအကြောင်း ထည့်သွင်းမှတ်ချက်ပေးသည့် ပါကစ္စတန်ကို အိန္ဒိယ ပြစ်တင်

ကုလသမဂ္ဂ အစည်းအဝေး၌ ကက်ရှ်မီးယားကိစ္စအကြောင်း ထည့်သွင်းမှတ်ချက်ပေးသည့် ပါကစ္စတန်ကို အိန္ဒိယ ပြစ်တင်

ရုရှားနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ဆွေးနွေးမှုအတွင်း ပါကစ္စတန်က ကက်ရှ်မီးယားအရေးကိစ္စအကြောင်း ထည့်သွင်းပြောဆိုခဲ့မှုအပေါ် အိန္ဒိယက အောက်တိုဘာ ၁၂ ရက်တွင် အပြင်းအထန် ဝေဖန်ပြစ်တင်လိုက်သည်။

ပါကစ္စတန်သံတမန် မူနီရာ အက်ခရမ်က ရုရှား-ယူကရိန်း စစ်ပွဲနှင့် စပ်လျဉ်းပြီး UNGA ၌ မဲခွဲမှုအတွင်း ရှင်းလင်းပြောဆိုရာတွင် ကက်ရှ်မီးယား အရေးကိစ္စကို ထည့်သွင်းပြောဆိုသွားခဲ့ပြီး အခြေအနေနှစ်ခုအကြား နှိုင်းယှဉ်ပြောဆိုရန် ကြိုးပမ်းခဲ့သည်။

ပါကစ္စတန်၏ ယင်းကဲ့သို့ ပြောဆိုမှုအပေါ် ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယ အမြဲတမ်းကိုယ်စားလှယ် ရူချီရာ ကမ်ဘိုဂျ်က အပြင်းအထန် တုံ့ပြန်သွားခဲ့သည်။

“ကျွန်မတို့ နိုင်ငံအပေါ် ဆန့်ကျင်ပြီး အဓိပ္ပါယ်မဲ့၊ ပေါ့ပျက်ပျက်နိုင်တဲ့ မှတ်ချက်စကားတွေ ပြောဖို့နဲ့ ဒီ ဖိုရမ်အစည်းအဝေးကို အလွဲသုံးစားလုပ်ဖို့ ကိုယ်စားလှယ်တစ်ဦးရဲ့ ကြိုးပမ်းချက်တစ်ခုကို ကျွန်မတို့ မြင်ခဲ့ရပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ထုတ်ပြန်ပြောဆိုမှုတစ်ရပ်က မုသားများကိုသာ ထပ်တလဲလဲ ထုတ်ဖော်နေသည့် အတွေးအခေါ်တစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းအပေါ် ဝိုင်းဝန်းပြစ်တင်သင့်သည်ဟု အိန္ဒိယသံတမန်က ပြောသည်။

“ဂျမူးနဲ့ ကက်ရှ်မီးယား နယ်မြေတစ်ခုလုံးဟာ အိန္ဒိယရဲ့ သီးခြားခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲ ရှိနေမှာပါ။ ပါကစ္စတန်အနေနဲ့ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုကို ရပ်ဆိုင်းဖို့ မိမိတို့ တောင်းဆိုတယ်။ ဒါမှလည်း မိမိတို့ နိုင်ငံသားတွေဟာ သူတို့ရဲ့ နေထိုင်ရှင်သန်ခွင့်နှင့် လွတ်လပ်မှုတို့ကို ခံစားရရှိနိုင်မှာ ဖြစ်တယ်” ဟု ကမ်ဘိုဂျ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required