ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း မြို့တော်တွင် ချီတက်ဆန္ဒပြပါက စစ်တပ်ဖြင့် ကိုင်တွယ် ထိန်းသိမ်းမည်ဟု ပါကစ္စတန်အစိုးရ ပြော

ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း မြို့တော်တွင် ချီတက်ဆန္ဒပြပါက စစ်တပ်ဖြင့် ကိုင်တွယ် ထိန်းသိမ်းမည်ဟု ပါကစ္စတန်အစိုးရ ပြော

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ အကြီးအကဲ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက မြို့တော်သို့ ချီတက်ဆန္ဒပြရန် ဆော်ဩလုပ်ဆောင်လာပါက လက်ရှိဝန်ကြီးချုပ် ရှာဘတ် ရှာရစ် ဦးဆောင်သော အစိုးရအနေဖြင့် စစ်တပ်ဖြင့် ကိုင်တွယ် ထိန်းသိမ်းမည်ဟု ဆုံးဖြတ်ထားသည်။

ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ဖာဝက်ဒ် ချောက်ဟ်ရီက PTI ပါတီ၏ မြို့တော်သို့ ခရီးဝေး ချီတက်မည့် အစီအစဉ်အတွက် ပြင်ဆင်နေမှုများ အပြီးသတ်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အစိုးရက ယခုကဲ့သို့သတိ ပေးခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ရာနာ ဆာနာအူလာ ဦးဆောင်ပြီး အောက်တိုဘာ ၄ ရက်က ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် စစ်တပ်ကို ခေါ်ယူမည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

မြို့တော်၏ အနီရောင်ဇုန်ထဲ ဆန္ဒပြသူများ မဝင်ရောက်နိုင်စေရေး တားဆီးရန် ပါကစ္စတန်စစ်တပ်ကို တပ်ဖြန့်မည် ဖြစ်ကြောင်း တရားဝင် သတင်းရင်းမြစ်များကို ကိုးကားပြီး အထက်ပါ သတင်းစာက ဖော်ပြသည်။

မည်သည့်အခြေအနေတွင်မဆို PTI ပါတီကို အစ္စလမ်မာဘတ်မြို့တော်သို့ ဝင်ရောက်ခွင့်မပြုဟု ပါကစ္စတန် အစိုးရအဖွဲ့က ဆုံးဖြတ်ထားကြောင်း ပြည်ထဲရေးဝန်ကြီး ရာနာ ဆာနာအူလာက ပြောသည်။

မြို့တော် အစ္စလမ်မာဘတ်သို့ ခရီးဝေးချီတက်မှုအတွက် အသင့်ပြင်ထားကြရန် PTI ပါတီဥက္ကဋ္ဌ အီမရန်ခန်းက ပါတီဝင်များကို ညွှန်ကြားခဲ့သလို ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များအနေဖြင့် ခရီးဝေးချီတက်မှုကို နိုင်ငံ‌အတွက် ကြိုးပမ်းမှုဟု သဘောထားပြီး ပူးပေါင်းပါဝင်မည်ဟု သစ္စာပြုကြရန် ပန်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required