ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်က တရုတ်နှင့် ထိုင်ဝမ်တို့အကြား တင်းမာမှု ပြေလည်နိုင်မည့် နည်းလမ်းများကို အဆိုပြု

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်က တရုတ်နှင့် ထိုင်ဝမ်တို့အကြား တင်းမာမှု ပြေလည်နိုင်မည့် နည်းလမ်းများကို အဆိုပြု

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ သူ‌ဋ္ဌေး အီလွန်မက်က ရုရှားနှင့်  ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်မည့် နည်းလမ်းတစ်ခုကို ပြောကြားခဲ့ခြင်းအပေါ် ယူကရိန်းတွင် ပြစ်တင်ရှုတ်ချမှုများ ဖြစ်ပေါ်ခဲ့သည်။ ယခုအခါ ရက်အနည်းငယ်အကြာတွင် တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုနှင့် ပတ်သက်၍ တရုတ်အစိုးရသို့ ထိုင်ဝမ်အပေါ် ထိန်းချုပ်ခွင့်အချို့ပေးခြင်းဖြင့်  ပြဿနာဖြေရှင်းနိုင်ကြောင်း ပြောကြားလိုက်သည်။

“ကျွန်တော့်ရဲ့  အကြံပြုချက်ကတော့ ထိုင်ဝမ်ကို အထူးအုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခွင့်ပေးလိုက်မယ် ဆိုရင် ပြဿနာပြေလည်နိုင်ပါတယ်။ ဒါကို ဘယ်သူမှတော့ နှစ်သက်ကြမှာမဟုတ်ဘူး”  ဟု အောက်တိုဘာ ၇ ရက်က Financial Times နှင့် အင်တာဗျူးတွင်  အီလွန်မက်က ပြောကြားသည်။

မက်၏ Tesla (TSLA.O) လျှပ်စစ်ကား ကုမ္ပဏီသည် တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် စက်ရုံကြီးတစ်ရုံကို ထူထောင်ထားသည်။

 “ဟောင်ကောင်ထက်ပိုပြီး လျှော့လျှော့ပေါ့ပေါ့ လုပ်မယ်ဆိုရင် အဆင်ပြေနိုင်စရာရှိပါတယ်” ဟု မက်၏ ပြောကြားချက်ကို Financial Times တွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ်ကို ဟောင်ကောင်ကဲ့သို့ပင် တစ်နိုင်ငံ စနစ်နှစ်မျိုးပုံစံ ကိုယ်ပိုင်အုပ်ချုပ်ရေးကို တရုတ်အစိုးရက ကမ်းလှမ်းထားသော်လည်း ထိုင်ဝမ်မှ နိုင်ငံရေးပါတီများက ကန့်ကွက်ထားသလို ပြည်သူများကလည်း လက်ခံခြင်းမရှိပေ။ အထူးသဖြင့် တရုတ်အစိုးရက ၂၀၂၀ ပြည့်နှစ်တွင် တင်းကျပ်သည့် နိုင်ငံတော်လုံခြုံရေးဥပဒေကို ပြဋ္ဌာန်းပြီးနောက် ကန့်ကွက်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။

မက်၏ ယခုပြောကြားချက်များအပေါ် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၈ ရက်အထိ မှတ်ချက်တစ်စုံတစ်ရာ ပေးမထားခဲ့ပေ။

ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ၏ လွှတ်တော်အမတ် လွှတ်တော်နိုင်ငံခြားရေးနှင့် ကာကွယ်ရေးကော်မတီအဖွဲ့ဝင် ဝမ်တင်ယုက  သူ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် မက်အား ပြစ်တင် ဝေဖန်ခဲ့သည်။ဒေသတွင်း လုံခြုံရေးအစီအစဉ်နှင့်ပတ်သက်၍ ကျွမ်းဝင်ရင်းနှီးသူ ထိုင်ဝမ်အရာရှိကြီးတစ်ဦးက “မက်အနေနဲ့ အကြံဉာဏ်ကောင်းတဲ့ နိုင်ငံရေးအကြံပေးတစ်ယောက် ရှာဖို့ လိုပါတယ်” ဟု ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

“ဟောင်ကောင် ဘာဖြစ်နေတယ်ဆိုတာ ကမ္ဘာက သိနေပါတယ်။ ဟောင်ကောင်ရဲ့ စီးပွားရေးနဲ့ လူမှုရေး တောက်ပ သစ်လွင်မှုတွေဟာ တရုတ်အစိုးရရဲ့ အာဏာရှင်အုပ်ချုပ်မှုအောက်မှ အဆုံးသတ်သွားခဲ့ပါပြီ” ဟု အမည်မဖော်လိုသူ အဆိုပါ အရာရှိကြီးက ပြောကြားခဲ့သည်။

မက်၏ မှတ်ချက်များနှင့် ပတ်သက်၍ မေးမြန်မှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအရာရှိ မြောင်နင်းက ထိုင်ဝမ်ကိစ္စသည် ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်ဝမ်၏ ခွဲထွက်ရေးအယူအဆကို ရှင်းလင်းကာ ငြိမ်းချမ်းစွာ ပြန်လည်ပူးပေါင်းရေး မူဝါဒကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required