နီပေါက ပျံသန်း၍အဆင်မပြေသော တရုတ်လေယာဉ် ၅ စင်းကို ရောင်းချမည်

နီပေါက ပျံသန်း၍အဆင်မပြေသော တရုတ်လေယာဉ် ၅ စင်းကို ရောင်းချမည်

နီပေါလေကြောင်းလိုင်းသည် ဆုံးရှုံးမှုများစွာ ရင်ဆိုင်ရပြီးနောက် မည်သူမျှ မငှားချင်သော တရုတ်နိုင်ငံထုတ် လေယာဉ် ၅ စင်းကို ရောင်းချရန် ဆုံးဖြတ်လိုက်သည်။
 
လေယာဉ်များသည် ဝေဟင်ထက် မြေပြင်ပေါ်တွင် အချိန်ပိုကုန်နေပြီး အကြွေးနစ်နေသော သယ်ယူပို့ဆောင်ရေးလေကြောင်းလိုင်းအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာသည်ဟု နီပေါသတင်းဝက်ဘ်ဆိုက် hamrakura.com ကဖော်ပြသည်။
 
 နီပေါလေကြောင်းလိုင်းကော်ပိုရေးရှင်းသည် ၂၀၁၂ ခုနှစ်က တရုတ်နိုင်ငံမှ Y12E ဘက်စုံသုံးလေယာဉ် ၄ စင်းနှင့် MA60 ခရီးသည်လေယာဉ် ၂ စင်းတို့ကို ဝယ်ယူခဲ့သည်။ အဆိုပါလေယာဉ်များအနက် ၁ စင်းမှာ  မတော်တဆဖြစ်ပြိးနောက် ရပ်နားထားရကာ ကျန် ၅ စင်းမှာလည်း Tribhuvan နိုင်ငံတကာလေဆိပ်၏ လေယာဉ်ရပ်နားကွင်းတွင် ရပ်နားထားရသည်။
 
ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာပြဿနာများနှင့် အပိုပစ္စည်းများ မရှိခြင်းအပြင် နီပေါလေကြောင်းလိုင်းများသည် လေယာဉ်များပျံသန်းရန် လေယာဉ်မှူး ရှာမရနိုင်ဖြစ်နေသလို ဆက်လက်ထိန်းသိမ်းထားရမည်မှာလည်း အဓိပ္ပါယ်မရှိတော့ကြောင်း hamrakura.com ၌ ဖော်ပြထားသည်။

နီပေါလေကြောင်းလိုင်းအနေဖြင့် လေလံစနစ်ဖြင့်ရောင်းချမည့် နောက်ဆုံးသတ်မှတ်ရက်မှာ အောက်တိုဘာ ၃၁ ရက်ဖြစ်ပြီး ငှားရမ်းမည့်သူပေါ်ပေါက်လာမည့်အလားအလာမရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

တရုတ်လေယာဉ်များဝယ်ယူပြီးနောက် ၂၀၁၄ ခုနှစ်က ရောက်ရှိလာသော ပထမအသုတ်လေယာဉ်များအတွက် ခေါင်းခဲစရာဖြစ်လာခဲ့သည်။ ယခုအခါ ဆုံးရှုံးမှုများ ဆက်တိုးလာသည်နှင့်အမျှ လေယာဉ်များကို အရှုံးခံကာ ရောင်းချရမည့် အခြေအနေ ဖြစ်လာသည်။
 
နိုင်ငံပိုင် နီပေါလေကြောင်းလိုင်းကော်ပိုရေးရှင်း (NAC) သည် လေယာဉ်များဝယ်ယူရန် တရုတ်အစိုးရမှ တာဝန်ယူကြီးကြပ်သည့် တရုတ်လေကြောင်းကော်ပိုရေးရှင်း (AVIC) နှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာက ကူးသန်းရောင်းဝယ်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့သည်။
 
ထိုအချိန်က တရုတ်သည် ထောက်ပံ့ငွေနှင့် သက်သာသောနှုန်းထား ချေးငွေအဖြစ် နီပေါရူပီး ၆ ဒသမ ၆၇ နှင့်ညီမျှသော ယွမ်ငွေ ၄၀၈ သန်း ကို ပေးအပ်ခဲ့သည်။
 
လေယာဉ်များရောက်လာပြီးမကြာမီမှာပင် လေယာဉ်များကို ဝယ်ယူ၍ နီပေါသို့ သယ်ဆောင်ခြင်းထက် ကုန်ကျစရိတ်များပိုများနေကြောင်း NAC ဘုတ်အဖွဲ့က သဘောပေါက်လာသည်။ NAC ဘုတ်အဖွဲ့သည် ၂၀၂၀ ခုနှစ် ဇူလိုင်တွင် လေယာဉ်ပြေးဆွဲခြင်းကို ရပ်နားရန် ဆုံးဖြတ်လိုက်ပြီးကတည်းက ၎င်းလေယာဉ်များကို Tribhuwan နိုင်ငံတကာလေဆိပ်တွင် အနားပေးထားသည်။

လေယာဉ်များသည် လည်ပတ်မှုကုန်ကျစရိတ်မြင့်မားခြင်းနှင့် ပျံသန်းရန်မသင့်တော်သောကြောင့် ဝန်ဆောင်မှုရပ်နားထားသော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနသည် လေယာဉ်များအတွက် ချေးငွေအတိုးများကို စတင်ပေးဆောင်နေရပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly