ယုဇနဥယျာဉ်မြို့တော်ရှိ ရာအိမ်မှူးပိုင် အဖျော်ယမကာစတိုးဆိုင်ရှေ့တွင် ပြောက်ကျားအဖွဲ့ ဖောက်ခွဲတိုက်ခိုက်၊ မော်တော်ယာဉ် ပျက်စီး

ယုဇနဥယျာဉ်မြို့တော်ရှိ ရာအိမ်မှူးပိုင် အဖျော်ယမကာစတိုးဆိုင်ရှေ့တွင် ပြောက်ကျားအဖွဲ့ ဖောက်ခွဲတိုက်ခိုက်၊ မော်တော်ယာဉ် ပျက်စီး

October 6

ရန်ကုန်(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ (၉၂) ရပ်ကွက်၊ ကံ့ကော်လမ်းပေါ်ရှိ ရာအိမ်မှူးတစ်ဦးပိုင် အဖျော်ယမကာစတိုးဆိုင်ရှေ့အား ယမန်နေ့ စက်တင်ဘာလ ၅ ရက်၊ ည ၇ နာရီ ၅၂ မိနစ်တွင် မြို့ပြပြောက်ကျားအဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ရသည့်အကြောင်းအရင်းမှာ (၉၂) ရပ်ကွက် ရာအိမ်မှူး ဦးအောင်ကျော်စော ပိုင်ဆိုင်သည့် ရွှေမြင့်မိုရ်အဖျော်ယမကာစတိုးဆိုင်တွင် မြန်မာဘီယာများ အဓိကထား ရောင်းချနေကြောင်း စုံစမ်းသိရှိရခြင်းကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါရာအိမ်မှူးသည် စစ်ကောင်စီအား လောင်စာဆီ မှောင်ခိုလုပ်ငန်းဖြင့် အထောက်အပံ့ပေးနေကြောင်းလည်း သိရှိရသဖြင့် ၎င်း၏ စတိုးဆိုင်အရှေ့အား သတိပေးဖောက်ခွဲမှုပြုလုပ်ရာ မော်တော်ယာဉ်တစ်စီး ပျက်စီးထိခိုက်မှုရှိကြောင်း နောက်ဆက်တွဲအနေဖြင့် သိရသည်။

တိုက်ခိုက်မှုပြုလုပ်သည့်အဖွဲ့မှာ South Dagon Guerrilla Force - SDGF နှင့် ဒို့ရိုးရာညီနောင်များ ပြောက်ကျားတပ်ဖွဲ့တို့ဖြစ်ကြောင်း သိရသည်။

ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ကတော့ လုပ်စရာရှိတာတွေကို တစ်ဆင့်ချင်းစီ ရှေ့ဆက်တိုးပြီးလုပ်သွားပါမယ်” ဟု ပြောသည်။

တောင်ဒဂုံမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီအား ဆက်ကြေးပေး(အခွန်ဆောင်)ကာ လုပ်ကိုင်လျက်ရှိသော အရက်ဘီယာအေးဂျင့်များနှင့် အရောင်းဆိုင်များ၊ မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားနေသူများ၊ နှစ်လုံး၊သုံးလုံးထီ လောင်းကစားဒိုင်များ စသည့် ဒုစရိုက်လုပ်ငန်းများဖြင့် အသက်မွေး စီးပွားရှာနေသူများအား ရပ်တန့်ဆင်ခြင်ရန် ယခုတိုက်ခိုက်မှုပြုလုပ်ခဲ့သော မြို့ပြပြောက်ကျားအဖွဲ့များက စက်တင်ဘာလအတွင်း သတိပေးစာ ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း

#ယုဇနဥယျာဉ်မြို့တော်

#ရာအိမ်မှူး

#အဖျော်ယမကာစတိုးဆိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required