အမေရိကန်နှင့် ဥရောပရှိနိုင်ငံရေးအကြောင်းအရာများကို သြဇာလွှမ်းမိုးရန်ကြိုးပမ်းနေသည့် တရုတ်နှင့်ရုရှား အခြေစိုက်အကောင့်၂ခုကိုဖယ်ရှားလိုက်ကြောင်းFacebook ၏မိခင်ကုမ္ပဏီMeta ကပြောကြားလိုက်သည်။
Facebook သည် စည်းကမ်းများကို မလိုက်နာဘဲ ယင်း၏မူဝါဒကိုချိုးဖောက်သည်ဟုယူဆရသည့် အကောင့်များကို ပုံမှန် ရှာဖွေပြီးဖယ်ရှားလေ့ရှိသည်။
၂၀၁၆ခုနှစ်သမ္မတရွေးကောက်ပွဲပြီးနောက်ရုရှားအုပ်စုများကအမေရိကန်တွင်ကွဲလွဲနေသော အကြောင်းအချက်များကိုတွန်းအားပေးရန်လူမှုမီဒီယာများကိုအသုံးပြုခဲ့ကြောင်း ထောက်လှမ်းရေး အေဂျင်စီများကတွေ့ရှိပြီးနောက်အမေရိကန်တွင်ယင်းကဲ့သို့လုပ်ဆောင်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ရုရှားအခြေစိုက်သြဇာလွှမ်းမိုးသည့်လှုပ်ရှားမှုများကဂျာမနီ၊ပြင်သစ်၊အီတလီ၊ယူကရိန်းနှင့်ဗြိတိန်တို့ကိုအဓိကပစ်မှတ်ထားခဲ့သည်။
ယူကရိန်းကိုဝေဖန်ပြီးရုရှားအပေါ်အနောက်နိုင်ငံများ၏ပိတ်ဆို့အရေးယူမှုများအပေါ်ငြင်းချက်ထုတ်သည့်မူရင်း ဆောင်းပါးများကိုမေလမှစတင်ကာဥရောပရှိတရားဝင်သတင်းအဖွဲ့အစည်းများအယောင်ဆောင်သည့်ဝက်ဘ်ဆိုဒ်၆၀ကျော်ပါဝင်သည့်ကွန်ရက်တစ်ခုမှဖော်ပြခဲ့ကြောင်းMeta ကပြောကြားသည်။
အဆိုပါအဖွဲ့သည်Facebook၊Instagram၊Telegram၊Twitter နှင့်Change.org အပါအဝင်လူမှုမီဒီယာများတွင်ဆောင်းပါးများနှင့်မူရင်းmemes နှင့်YouTube ဗီဒီယိုများကိုလူများထံသို့ပျံ့နှံ့စွာရောက်ရှိစေရန်လုပ်ဆောင်နေကြောင်းယင်းကပြောကြားခဲ့သည်။
Meta ကအဆိုပါလှုပ်ရှားမှုကို“ယူကရိန်းစစ်ပွဲစတင်ကတည်းကကျွန်ုပ်တို့ကိုအနှောင့်အယှက်ပေးခဲ့သော အကြီးဆုံးနှင့်အရှုပ်ထွေးဆုံး ရုရှား အခြေပြုစစ်ဆင်ရေး”ဟုခေါ်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုတစ်လျှောက်လုံးတွင်ယင်း၏မူရင်းဒိုမိန်းများကိုပိတ်ဆို့ထားသော်လည်းအဆိုပါအဖွဲ့သည် ဝက်ဘ်ဆိုက်အသစ်များကို ဖန်တီးမည်ဖြစ်ကြောင်းMeta ကပြောကြားခဲ့သည်။
မတူညီသောဘာသာစကားများစွာဖြင့်လှုပ်ရှားနေသည့်စာမျက်နှာများနှင့်ယင်းတို့၏ပို့စ်များကိုဥရောပနှင့် အာရှရှိ ရုရှားသံရုံးFacebook စာမျက်နှာများမှ ရံဖန်ရံခါပုံကြီးချဲ့ဖော်ပြခဲ့သည်။