အမေရိကန်က အာဖဂန်နစ္စတန်ကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း ၃၀၀ ကျော် ထောက်ပံ့

အမေရိကန်က အာဖဂန်နစ္စတန်ကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသန်း ၃၀၀ ကျော် ထောက်ပံ့

အမေရိကန်သည် အာဖဂန်နစ္စတန်ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၃၂၇ သန်း ထောက်ပံ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က စက်တင်ဘာ ၂၃ ရက်တွင် ကြေညာ သည်။

“အရေးပေါ် အကူအညီနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် ငွေကြေးထောက်ပံ့ဖို့ အာဖဂန်နစ္စတန်မှာ ရှိတဲ့ ပြည်သူတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ရှိတဲ့ အာဖဂန်တွေအတွက် နောက်ထပ် လူသားချင်းစာနာမှု အကူအညီ အဖြစ် ဒေါ်လာ ၃၂၇ သန်း နီးပါးကို အမေရိကန်က ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ 

မိမိတို့ဟာ အာဖဂန်ပြည်သူတွေအတွက် ဆက်လက် စိတ်နှစ်မြှုပ်ထားပါတယ်” ဟု ဘလင်ကန်က တွစ်တာတွင် ရေးသည်။

ယခု ပံ့ပိုးထောက်ပံ့သော ငွေကြေးများအနက် ဒေါ်လာ ၁၁၉ သန်းကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လူဦးရေ၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဗျူရိုမှတစ်ဆင့် ပေးအပ်မည် ဖြစ်ပြီး ကျန်ဒေါ်လာ ၂၀၈ သန်းကို အမေရိကန်၏ လူသားချင်းစာနာမှု အကူအညီဆိုင်ရာ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဗျူရိုမှတစ်ဆင့် ပေးအပ်မည် ဖြစ်သည်။

ယခုအကူအညီနှင့်ဆိုလျှင် အာဖဂန်နစ္စတန်တွင် ၂၀၂၁ ဩဂုတ်လက တာလီဘန်ထိန်းချုပ်ပြီးနောက် အာဖဂန် နစ္စတန်နှင့် အိမ်နီးချင်းနိုင်ငံများတွင် အမေရိကန်၏ လူသားချင်းစာနာမှု အကူအညီ စုစုပေါင်းက ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ရှိပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမေရိကန်အနေဖြင့် အာဖဂန်ပြည်သူများအတွက် ဆက်လက် စိတ်နှစ်မြှုပ်ထားသလို အာဖဂန်နစ္စတန်ရှိ လူသားချင်းစာနာမှု တုံ့ပြန်မှုကို ထောက်ကူပေးရေးဆိုင်ရာ မတ်လ ၃၁ ရက် အဆင့်မြင့် အရာရှိများ ကတိပြုပွဲအခမ်းအနားအတွင်း ပေးထားသည့် ကတိများအတိုင်း လိုက်နာကြရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အခြားအဖွဲ့ဝင်များကိုလည်း အမေရိကန်က ဆက်လက်တောင်းဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required