ဒီပဲယင်း လက်ယက်ကုန်းရွာ စာသင်ကျောင်း အကြမ်းဖက်မှုကို ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဆန္ဒပြ

ဒီပဲယင်း လက်ယက်ကုန်းရွာ စာသင်ကျောင်း အကြမ်းဖက်မှုကို ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဆန္ဒပြ

မဇ္ဈိမ ။ ။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဒီပဲယင်း လက်ယက်ကုန်းရွာ စာသင်ကျောင်းအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်ကြောင်း ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသားများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်တိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ လူသတ်မှု ဖြစ်စဉ်ကို နိုင်ငံတကာမှ အရေးယူပေးရန် ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု မဲ့ဆောက်ဒေသ မြန်မာလူထုအသံ လှုပ်ရှားမှုမှ ပြောရေးဆိုခွင့်ရှိသူ ဦးစစ်နိူင်ထံမှ သိရသည်။

မဲ့ဆောက်ဒေသ မြန်မာလူထုအသံ လှုပ်ရှားမှုမှ ပြောရေးဆိုခွင့် ရှိသူ ဦးစစ်နိုင်က“ဒီဆန္ဒထုတ်ဖော်ပွဲကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အများကြီးနဲ့ လုပ်ဖို့ စီစဉ်ထားတာပါ၊ သို့သော်လည်း အချိန် ခဏလေး အတွင်းမှာပဲ ထိုင်းအာဏာပိုင်တွေက လာရောက်ဟန့်တားခံရလို့ ကျွန်တော်တို့ သတင်း မီဒီယာတွေကို အင်တာဗျူးဖြေပြီး ရပ်နားလိုက်ရတယ်”ဟု ပြော သည်။

အဆိုပါ လက်ယက်ကုန်းကျေးရွာ အကြမ်းဖက် လူသတ်မှုဖြစ်စဉ် အတွင်းတွင် ကလေးငယ် ခုနစ်ဦးနှင့် လူကြီး ခြောက်ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုအပြင် ကျောင်းအတွင်းမှ ကလေးငယ်များနှင့် ဆရာ၊ ဆရာမ များ၊ ကျေးရွာ၏ ရပ်မိရပ်ဖများ အပါအဝင် စုစုပေါင်း ၂၁ ဦးကိုလည်း ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြကြောင်း ၎င်းတို့က ပြောဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required