မြို့ပြပြောက်ကျားတွေထဲ စစ်ကောင်စီလူတွေ စိမ့်ဝင်နေပြီလား

မြို့ပြပြောက်ကျားတွေထဲ စစ်ကောင်စီလူတွေ စိမ့်ဝင်နေပြီလား

September 30

မန္တလေး၌ မြို့ပြ ပြောက်ကျား အဖွဲ့ဝင်များ အဖမ်းခံရမှု များလာသည်နှင့် အမျှ မြို့ခံ တော်လှန်ရေး ရဲဘော်များ အပြော များလာသည့် စကားတစ်ခွန်း ရှိလာသည်။

“ အဖွဲ့တွေထဲမှာ စစ်ထောက်လှမ်းရေးတွေ စိမ့်ဝင်နေပြီ “ ဆိုသည့် စကား ဖြစ်သည်။

" UG (မြေအောက်တော်လှန်ရေးသမား) တွေ အဓိက အဖမ်းခံရတဲ့ ပြဿနာကတော့ အဖွဲ့ထဲမှာ စစ်ဘက် ထောက်လှမ်းရေး စိမ့်ဝင်တာရယ်၊ CCTV တွေရယ်၊ ဒလန်ရယ်ကြောင့် အများဆုံး ဖမ်းခံရတာဗျ။ တော်လှန်ရေး ကြာလာတာနဲ့အမျှ UG တွေ ထဲမှာ စကစ ထောက်လှမ်းရေးတွေ အများကြီး စိမ့်ဝင်နေတယ်” ဟု ဒို့ညီနောင် မြို့ပြပြောက်ကျား အဖွဲ့မှ ဗိုလ်တိုက်ဂါးက ပြောသည်။

လက်တွေ့ မြေပြင်တွင်လည်း မန္တလေး၌ အဖမ်းခံရသည့် မြို့ပြပြောက်ကျား အဖွဲ့ဝင် အရေအတွက် က တစတစ များပြားလာနေသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ခဲ့သည့် ပိတ်ဆို့ စစ်ဆေး မှုများ အပြီး ဆက်တိုက် ဆိုသလို မန္တလေး UG အဖွဲ့များ ဖမ်းဆီးခံ ခဲ့ရသည်။

ယခုနှစ် ထဲမှာပင် သြဂုတ်လအထိ စုစုပေါင်း မြို့ပြပြောက်ကျား အဖွဲ့ဝင် လူငယ် ၈၀၀ နီးပါး ဖမ်းခံ ခဲ့ရပြီး သေဆုံးသူများလည်း ရှိခဲ့ကြောင်း မြေပြင်မှ ရရှိသည့် သတင်းအချက်အလက်များဖြင့် ဖမ်းဆီး ခံရသူများ စာရင်းကို စုဆောင်းထားမှု အရ သိရသည်။ ယင်း အရေအတွက်သည် စစ်ကောင်စီကို တော်လှန် နေသည့် ကာလတွင် မန္တလေး၏ မြို့ပြတော်လှန်ရေး အရှိန်ကို အလွန် ထိခိုက်စေအောင် များပြားသည့် ပမာဏ ဖြစ်သည်။

အနီးစပ်ဆုံး အနေဖြင့် သြဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် Myanmar Return Ranger Force-MRRF ခေါင်းဆောင် ဗိုလ်အောင်မြေ အပါဝင် သုံးဦးကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အတူ ဖမ်းဆီးခဲ့သူ သုံးဦးစလုံးကို ထိုနေ့ ညနေပိုင်းမှာပင်သတ်ဖြတ်ကာ အလောင်းကို လမ်းမပေါ် စွန့်ပစ်သွားသည်။

သြဂုတ်လ တစ်လထဲမှာပင် လူငယ် ၂၀၀ ခန့် ဖမ်းဆီး ခံခဲ့ရကြောင့် မန္တလေး မြေပြင် သတင်းအဖွဲ့များက ဖော်ပြထားသည်။ မန္တလေးတိုင်း ၊ အထူးပြောက်ကျား တပ်ဖွဲ့ (MSTF) ၏ သိန်းငှက် တပ်ခွဲမှ အရေးကြီး တပ်ဖွဲ့ဝင် တစ်ချို့ဩဂုတ်လ ၁၀ ရက်နေ့တွင် စစ်အုပ်စု၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ သြဂုတ်လ ၁၄ ရက်နေ့တွင်လည်း ချမ်းမြသာစည် မြို့နယ်ရှိ တည်းခိုခန်း တစ်ခု၌ လူငယ်လေးဦး ဖမ်းဆီး ခံရသည်။

ယခု စက်တင်ဘာ လထဲတွင်ပင် မန္တလေးမြို့က UG အဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် Mandalar Pintagon Combat Troop-MPCT အဖွဲ့၏ ခေါင်းဆောင် အပါဝင် အဖွဲ့ဝင်များ ဖမ်းဆီးခံခဲ့ရ၍ အဖွဲ့ ဖျက်သိမ်းကြောင်း စက်တင်ဘာလ ၆ ရက်နေ့က ကြေညာထားသည်။

ဖမ်းဆီးခံရမှုများ များပြားလာသည့် ယခု ၂၀၂၂ ခုနှစ် နှစ်ထဲတွင် မြို့ပြပြောက်ကျား အဖွဲ့များ အကြား စစ်ကောင်စီ ထောက်လှမ်းရေးများ စိမ့်ဝင်နေသည် ဆိုသည့် သတင်းတချို့ ပျံ့နှံ ခဲ့ပြီးနောက် UG အဖွဲ့များကြား အငြင်းပွားမှုများ ရှိခဲ့သည်။

"နောက်ပိုင်း အဖွဲ့ အသစ်တွေ ပေါ်လာတဲ့ အချိန်မှာ မသင်္ကာစရာ အဖွဲ့တွေ ရှိခဲ့တယ်ပေါ့။ မစ်ရှင် လုပ်မယ့်အချိန် သတင်း ကြိုပေါက်တာမျိုး။ ပစ္စည်း ယူတဲ့အချိန်မှာ အတိအကျ အဖမ်း ခံရတာ မျိုးတွေ ရှိလာတော့ အဖွဲ့တွေကြား ပြသနာလေးတွေ ဖြစ်သွား သေးတယ်" ဟု မန္တလေးမြို့ မြို့ပြပြောက်ကျား တိုက်ခိုက်မှုများတွင် အစောဆုံး ပါဝင်ခဲ့သည့် အဖွဲ့တစ်ဖွဲ့မှ အမည် မဖော်လိုသူ တစ်ဦးက ပြောသည်။

မန္တလေးမြို့ ပြောက်ကျား အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး ခံရချိန်တွင် စစ်အုပ်စု ဘက်တော်သား ဒလန်က အဖွဲ့ဝင် ဖြစ်နေပြီး ၎င်းက အိမ်နေရာ လိုက်ပြခဲ့ခြင်း ဖြစ်ကြောင်း အဖွဲ့ဝင်တစ်ချို့ထံက သိရသည်။

အဆိုပါ ဒလန်ကို ရှင်းလင်းရန် မြို့ပြပြောက်ကျား အဖွဲ့များက ၎င်းနှင့် ပတ်သက်သည့် သတင်းကို ထုတ်ပြန်ခြင်း မရှိဘဲ လိုက်လံ ရှင်းလင်းရန် ကြိုးစားခဲ့သော်လည်း ၎င်းနှင့် စပ်ဆက်၍ တစ်ခြား အဖွဲ့ဝင်များ၊ ထောက်ပို့များပါ ထပ်မံ ဆုံးရှုံး လိုက်ရသည်။

လက်ရှိ အချိန်ထိ အဆိုပါ သတင်းပေး ဒလန် မရှင်းလင်း နိုင်သေးကြောင်း UG အဖွဲ့ တချို့ထံက သိရသော်လည်း သက်ဆိုင်ရာ အဖွဲ့က ထုတ်ပြန် ထားခြင်း မရှိသေးပေ။

ယင်းကဲ့သို့ ဖြစ်စဥ်များမှာ ယခုမှ ဖြစ်နေခြင်း မဟုတ်ပေ။ မြို့ပြပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့များ စတင်ခဲ့သည့် အချိန်ဟု ဆိုနိုင်သည့် ၂၀၂၁ ခုနှစ် ဇွန်လလောက် ကတည်းက ရှိခဲ့ ဖူးသည်။ ၂၀၂၁ ခုနှစ် ဇွန်လတွင် မန္တလေးမြို့ ၊ ချမ်းမြသာစည် မြို့နယ်ရှိ နေအိမ် တစ်လုံးကို စစ်ကောင်စီက အင်အား ရာနှင့်ချီကာ စီးနင်းခဲ့ပြီး RPG လက်နက်ကြီးနှင့်ပါ ပစ်ခတ် ခဲ့သည်။ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် နှစ်ဦး နေရာမှာပင် သေဆုံးခဲ့ပြီး ရှစ်ဦး အပြင်းအထန် ဒဏ်ရာများဖြင့် ဖမ်းဆီး ခံရသည်။

အဆိုပါ ဖြစ်စဥ်တွင် အဖွဲ့တွင်း ပြန်ကြားရေး တာဝန် ယူထားသူ ထွန်းတောက်နိုင် (ခ) ဝေယံလင်း ဆိုသူသည် ဗိုလ်ကြီးတစ်ဦး၏ သားမက် တော်စပ်သူ ဖြစ်နေပြီး စစ်ကောင်စီ သူလျှို ဖြစ်ကြောင်း နာမည် ကျော်ကြားခဲ့သည်။ ၎င်းသည် အဖွဲ့ဝင်များကို ထောင်ချောက်ဆင် ဖမ်းဆီးမှုများ ပြုလုပ် ခဲ့သလို PDF ခေါင်းဆောင် တစ်ချို့ကို စစ်ကောင်စီ ကိုယ်စား ဖုန်းဆက် စည်းရုံးသည့် အသံဖိုင် အများအပြား ထွက်ပေါ်ခဲ့သည်။ ၎င်းသည် လက်ရှိထိ မန္တလေး နန်းတွင်း၌ နေထိုင်သူ ဖြစ်သည်။

"စကစ ဘက်က သူလူ ကိုယ်ဘက်သား ပုံစံနဲ့ တော်လှန်ရေးထဲမှာ သူ့လူတွေကို သေချာ ထည့်ထားတွေ ရှိတယ်။ ကျွန်တော်တို့ UG တွေက ပိုပြီး သတိထားဖို့ လိုတယ်။ ဘယ်လောက် ရှိနေနိုင်လဲ ဆိုတာကိုတော့ ကျွန်တော်တို့လည်း အတိအကျတော့ မခန့်မှန်း နိုင်ဘူးဗျ။ ကျွန်တော်တို့ ဘက်ကပဲ အထူး သတိထားဖို့ လိုတယ်ဗျ။ တပ်သားအသစ်တွေ ထပ်ပြီး လက်မခံကြဖို့လည်း လိုတယ်ဗျ" ဟု Mandalay Young's Force အဖွဲ့မှ ရဲဘော်ရာဟုက ပြောသည်။

ထို့အပြင် စစ်အုပ်စုက ဒလန်၊သူလျှိုများဖြင့် ဖမ်းဆီး ရုံသာမက ဖမ်းမိပြီးသား UG လူငယ်များကို ခေါ်ကာ တစ်ခြားသော သူများကို ချိန်းဆို၍ ဖမ်းဆီး ခိုင်းခြင်းများလည်း ရှိသည်။ ယင်းသို့ ဖမ်းဆီး ခဲ့မှု ဖြစ်စဉ်များသည် မြို့ပြပြောက်ကျားများသာမက အခြား တော်လှန်ရေး ပြုလုပ်နေသည့် လူငယ်များပါ ဖမ်းဆီးခံခဲ့ရမှု အကြိမ်ရေ မရေတွက်နိုင်အောင် များပြားခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ ကိုယ်စားပြု တိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) ၊ Anonymous Force Mandalay (AFM) နှင့် Emerald Grils Army (EGA) သုံးခု ပေါင်းကာ ဖွဲ့စည်းထားသည့် FLA အဖွဲ့မှ ဗိုလ်မိုးကြိုးသည် ဝက်လက် အခြေစိုက် ဒို့ညီနောင် Local PDF အတွက် ဩဂုတ်လ ၄ ရက်နေ့တွင် လက်နက် သွားဝယ်ခဲ့သည်။ သြဂုတ်လ ၁၆ ရက်နေ့တွင် ၎င်း မန္တလေးသို့ ပြန်ရောက်ကာ လက်နက်များ ရွေ့နေပြီ ဖြစ်ကြောင်း အကြောင်း ကြားပြီးနောက် အဆက်အသွယ် ပြတ်တောက် သွားခဲ့ကြောင်း ဒို့ညီနောင် အဖွဲ့ဝင်၊ Anonymous Force Mandalay (AFM) ခေါင်းဆောင် ဗိုလ် Tiger က ပြောသည်။

ထို့နောက် ဗိုလ်မိုးကြိုးသည် ပျောက်ဆုံးခြင်း မဟုတ်ဘဲ ငွေကြေးလိမ်လည် သွားခြင်း ဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်သည်။ ငွေကြေး လိမ်လည်ထွက်ပြေးသူ မန်းမိုးကြိုး (ခ)ကျော်လင်း (ခ)ကျော်လေး ဆိုသူမှာ Freeland Attack Force (FLA) ၏ ဒုတာဝန်ခံ တစ်ဦး ဖြစ်ပြီး လက်နက် ဝယ်ယူရန် ဒို့ညီနောင် တပ်ဖွဲ့က ငွေကျပ် ၆၆ သိန်းနှင့် တော်လှန်ရေးအတွက် အလှူရှင် တစ်ဦး လှူထားသည့် ကျပ်သိန်း ၄၀ ၊ စုစုပေါင်း ကျပ်သိန်း ၁၀၀ ကျော်ဖြင့် ထွက်ပြေးသွားပြီး ၎င်းနှင့် အတူပါသွားသော ရဲဘော်သုံးဦး၏ သတင်းလည်း ပျောက်ဆုံး သွားခဲ့သည်။

ဗိုလ်မိုးကြိုးသည် တော်လှန်ရေး ရဲဘော် စွန်ရဲ ဆိုသူက တပည့်အဖြစ် အဖွဲ့သို့ ခေါ်လာ ခဲ့ပြီးနောက် မစ်ရှင်များ ပြုလုပ်ရာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ ထို့နောက် ရဲဘော်စွန်ရဲသည် မစ်ရှင် တစ်ခုတွင် ကျဆုံး ခဲ့ပြီးနောက် ရဲဘော်စွန်ရဲ၏ တပည့်များသည် စိတ်ချရသူများ ဖြစ်၍ အဖွဲ့ကလည်း ယုံကြည်ကာ ကျော်လေး ဆိုသူကို ဒုခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ သြဂုတ်လတွင် ၎င်းငွေကြေး လိမ်လည် ထွက်ပြေးမှသာ ၎င်းသည် စစ်တပ်မှ ထွက်ပြေးလာသူ တစ်ယောက် ဖြစ်ပြီး CDM စစ်သား မဟုတ်မှန်း သိခဲ့ ကြရသည်ဟု FLA အဖွဲ့ခေါင်းဆောင်က ပြောသည်။

"မစ်ရှင်တွေ လုပ်နေတဲ့သူက ဒီလို ထလုပ်တယ် ဆိုတော့ အံ့သြမိတာပေါ့။ သူက တပ်ပြေးဆိုတဲ့ သတင်းတွေ ထွက်လာလို့ ကျွန်တော်တို့လည်း ဆက်စုံစမ်းနေပါတယ် " ဟု (FLA) အဖွဲ့ ခေါင်းဆောင်က ဆိုသည်။

သို့သော် လက်ရှိ အချိန်ထိ ကျော်လေး (ခ) မိုးကြိုး ဆိုသူ လွတ်မြောက်နေဆဲ ဖြစ်သည်။

တော်လှန်ရေး ကာလ အတွင်း ဖမ်းဆီးခံရနိုင်မှုနှင့် ပတ်သက်ပြီး UG များကို သက်ဆိုင်ရာ အဖွဲ့အစည်းများက တာဝန်ယူ ထိန်းကြောင်း ပေးသင့်ကြောင်း ရန်ကုန်၌ UG လှုပ်ရှားနေသူ တစ်ဦးက ဆိုသည်။

"သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးရဲ့ ပံ့ပိုးမှုက အရေးကြီးဆုံးပဲလေ။ အခု အနေထားက ကိုယ်ချိတ် မိသလောက် ကိုယ့်အဖွဲ့ နဲ့ကိုယ် ထိန်းကျောင်း လှုပ်ရှားရမှာပဲ " ဟု ၎င်းက ဆိုသည်။

တော်လှန်ရေးလုပ်နေသည့် UG တစ်ယောက်ချင်းစီ တိုင်းက ကိုယ့်လုံခြုံရေးကိုယ် အပြည့် ယူပြီး လှုပ်ရှားနိုင်ရန် လိုသည်ဟု ဆိုသည်။

မန္တလေး အခြေစိုက်ပြီး မစ်ရှင် အများအပြား ပြုလုပ်ခဲ့ကာ ပြည်သူယုံကြည်မှု ရရှိထားသည့် Ranger Of Mandalay (ROM) အဖွဲ့ခေါင်းဆောင်ကမူ စစ်ကောင်စီ ထောက်လှမ်းရေးများ ပြောက်ကျား အဖွဲ့များကြား ပျံ့နှံ့မှု ရှိနေနိုင်သလား ဆိုသည့် မေးခွန်းကို ဖြေဆိုရန် ငြင်းဆန်ခဲ့ပြီး ၎င်းတို့ အဖွဲ့ ကိုယ်တိုင်လည်း မန္တလေးမြို့က ထွက်ခွာ ခဲ့ပြီဟု ဆိုသည်။

မန္တလေးမြို့ပြပြောက်ကျား လှုပ်ရှားမှုများတွင် အစောဆုံး ပါဝင်ခဲ့သည့် အဖွဲ့များ ဖြစ်သည့် Mandalay Ranger Force - PDF၊ YNO Mandalay PDF၊ Justics Of Mandalay၊ Ranger Of Mandalay၊ Dragon Warrior၊ Generation Z Power၊ Mandalay Phoenix Force၊ Eagle Brother PDF တို့လည်း လက်ရှိချိန်တွင် ရှောင်တိမ်း နေကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required