တရုတ်ဟက်ကာအဖွဲ့များက အဝေးရောက်တိဗက်များ၏ သတင်းများကို စုဆောင်းရန် ပစ်မှတ်ထားနေ

By Tibet Rights Collective
24 September 2022
တရုတ်ဟက်ကာအဖွဲ့များက အဝေးရောက်တိဗက်များ၏ သတင်းများကို စုဆောင်းရန် ပစ်မှတ်ထားနေ

တရုတ်အစိုးရက ကျောထောက်နောက်ခံပြုထားသည်ဟုဆိုသော ဟက်ကာများသည် လွတ်လပ်ရေး လိုလား သော နိုင်ငံရေးပါတီနှင့် ထင်ရှားသော မီဒီယာ အဖွဲ့အစည်း အပါအဝင် တိဗက်ရှိ ပစ်မှတ်အများအပြားထံမှ သတင်းအချက် အလက်များ စုဆောင်ရန် ရည်ရွယ်သော အီးမေးလ်များစွာ၏ နောက်ကွယ်တွင်ရှိနေသည်ဟု Bloomberg သတင်းတွင် ဖော်ပြထားသည်။

TA413 ဟုခေါ်သော ဟက်ကာအဖွဲ့သည် တရုတ်အစိုးရကိုယ်စား သတင်းများကို စုဆောင်းရန် အီးမေးလ် အတုများနှင့် အန္တရာယ်ရှိသော ဆော့ဖ်ဝဲများကို အသုံးပြုကြသည်ဟု မက်ဆာချူးဆက်အခြေစိုက် ဆိုက်ဘာ လုံခြုံရေးကုမ္ပဏီ Recorded Future Inc. က ပြောသည်။

ဟက်ကာများသည် ၁၉၉၆ ခုနှစ်ကတည်းက ပြည်ပ၌ ထုတ်ဝေနေသည့် Tibet Times သတင်းစာ၊ တိဗက် လူငယ်ကွန်ဂရက်နှင့် တိဗက်အမျိုးသားကွန်ဂရက်တို့ အပါအဝင် တိဗက်အဖွဲ့အစည်းများကို ပစ်မှတ်ထားရန် Sophos လုံခြုံရေးနည်းပညာမှအားနည်းချက်များကို အသုံးချခဲ့ကြသည်ဟု စက်တင်ဘာ ၂၂ ရက်ကထုတ်ပြန် သည့် သုတေသနတွင် ဖော်ပြထားသည်။

TA413 သည် တိဗက်မှ သတင်းအချက်အလက် အရင်းအမြစ်များကို စောင့်ကြည့်ခြင်းအပေါ် အထူး အလေးထား လျက် တိဗက်အသိုက်အဝန်းကို ပစ်မှတ်ထားရာတွင် မဆုတ်မနစ်လုပ်ဆောင်ကြောင်း ဆိုက်ဘာ လုံခြုံရေးကုမ္ပဏီ Recorded Future က ဆိုသည်။ 

 တိဗက်တွင် ပျောက်ဆုံးသွားသော သို့မဟုတ် ဖမ်းဆီးခံထားရသော လူများအကြောင်းကို ပုံမှန်ဖော်ပြသည့် သတင်းစာသည် ဆိုက်ဘာသူလျှိုကြိုးပမ်းမှုများ၏ မကြာခဏ ပစ်မှတ်ထားမှုခံရကြောင်း Tibet Times မှ မန်နေဂျင်းဒါရိုက်တာ တန်ဇင်းရာဘန်က ပြောသည်။

 “ကျွန်တော်တို့ မီဒီယာဌာနက သေးသေးလေးပါ။ ဆာဗာကို စောင့်ကြည့်ဖို့နဲ့ ဝက်ဘ်ဆိုက်မှာ ဘာဖြစ်နေ တယ်ဆိုတာ အမြဲမပြတ်စောင့်ကြည့်ဖို့ နည်းပညာဝန်ထမ်းမရှိပါဘူး” ဟု ဆိုသည်။

အန္တရာယ်ရှိသောလုပ်ဆောင်ချက်များကြောင့်ဝက်ဘ်ဆိုက်စာမျက်နှာ ရပ်တန့်သွားကာ ဓာတ်ပုံများ ပျောက်ဆုံး သွားကြောင်း  တန်ဇင်းက ဆိုသည်။

 “တရုတ်ဟာ လွန်ခဲ့တဲ့ ၇ နှစ် ဒါမှမဟုတ် ၈ နှစ်ကနဲ့ယှဉ်ရင် သတင်းစီးဆင်းမှုအပေါ် တင်းတင်းကျပ်ကျပ် သတိထားစောင့်ကြည့်နေပါတယ်” ဟု တန်ဇင်းရာဘန် က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly