ရှင်ကျန်းလူ့အခွင့်အရေးအစီရင်ခံစာနှင့် စပ်လျဉ်း၍ ကုလညီလာခံ၌ ထောက်ခံမှုရရေး တရုတ်နှင့်ဝီဂါတို့ အပြိုင်ကြိုးပမ်း 

By RFA
24 September 2022
ရှင်ကျန်းလူ့အခွင့်အရေးအစီရင်ခံစာနှင့် စပ်လျဉ်း၍ ကုလညီလာခံ၌ ထောက်ခံမှုရရေး တရုတ်နှင့်ဝီဂါတို့ အပြိုင်ကြိုးပမ်း 

တရုတ်သည် ကုလသမဂ္ဂလူ့အခွင့်အရေး အကြီးအကဲ၏ အပြစ်ဖို့သော အစီရင်ခံစာကို ကိုးကားလျက် ရှင်ကျန်း ရှိ ဝီဂါများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင်စပ်လျဉ်း၍ ကုလသမဂ္ဂ၏ အရေးယူ ဆောင်ရွက်မှု မှန်သမျှကို တိုက်ခိုက်သွားမည်ဟု သန္နိဋ္ဌာန်ပြုလိုက်သလို ဝီဂါများကလည်း စုံစမ်းစစ်ဆေးမှု များနှင့် အခြား သော ခိုင်မာသော နောက်ဆက်တွဲအစီအမံများနှင့်အတူ ရှေ့ဆက်လုပ်ဆောင်ရန် ကုလသမဂ္ဂ အား ဖိအားပေးလျက်ရှိသည်။

ရှင်ကျန်းရှိ ဝီဂါနှင့်တခြားတာကစ်လူမျိုးများကို မတရားထိန်းသိမ်းခြင်းနှင့်ဖိနှိပ်ခြင်းသည် နိုင်ငံတကာရာဇဝတ်မှုများ အထူးသဖြင့် လူသားချင်းမစာနာသည့် ရာဇဝတ်မှုကျူးလွန်ခြင်းများ ရှိနိုင်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး မီချဲလ်ဘက်ချလက်၏ ဩဂုတ် ၃၀ ရက်ထုတ် အစီရင်ခံစာတွင် ကောက်ချက်ချထားသည်။

ဝီဂါနှင့် ထောက်ခံသူများက ချိုးဖောက်မှုစွပ်စွဲချက်များ၊ စုံစမ်းစစ်ဆေးမှုနှင့် ရှင်ကျန်းအထူးသံတမန်ကို ရှုတ်ချသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း အမေရိကန်နှင့် အနောက်နိုင်ငံများ အား လုပ်ဆောင်စေလိုသည်။ 

 “အပြစ်ရှိတယ်ဆိုတဲ့ သုံးသပ်ယူဆချက်အပေါ် အခြေခံပြီး အများစုဟာ မဟုတ်မမှန် လုပ်ကြံသတင်းတွေနဲ့ လိမ်လည်မှုတွေ ပါဝင်ပါတယ်” ဟု ရှင်ကျန်းအစိုးရ၏ ပြန်ကြားရေးရုံးအကြီးအကဲ ရှုကွေရှန်းက  ဂျီနီဗာတွင် စက်တင်ဘာ ၂၂ ရက်က သတင်းထောက်များအား ပြောကြားခဲ့သည်။

 “နိုင်ငံတကာအသိုက်အဝန်းက တချို့သော အင်အားစုတွေ ဒါမှမဟုတ် တရုတ်ဆန့်ကျင့်ရေးအဖွဲ့တွေက ဆုံးဖြတ်ချက်လို့ခေါ်တဲ့ ရှင်ကျန်းဆိုင်ရာအဆိုပြုချက်ကို ချမှတ်မယ်ဆိုရင်တောင် ကျွန်တော်တို့က ကြောက်မှာ မဟုတ်ပါဘူး။ ပြတ်ပြတ်သားသား တုံ့ပြန်ပြီး တိုက်ပွဲဝင်သွားမှာပါ” ဟု ရှုကွေရှန်းက ပြောသည်။

 ဘက်ချလက်၏အစီရင်ခံစာသည် ရှင်ကျန်းရှိ အကျဉ်းစခန်းများတွင် တရုတ်အာဏာပိုင်များက ဝီဂါနှင့် အခြားသော တာကစ်လူနည်းစု ၁ ဒဿမ ၈ သန်းအထိ ဖမ်းဆီးထိန်းသိမ်းပြီးနောက်ပိုင်း ၅ နှစ်အတွင်း တွင်လူ့အခွင့်အရေးအဖွဲ့များ၊ သုတေသီများ၊ နိုင်ငံခြားမီဒီယာများနှင့် တတ်သိပညာရှင်များမှ ထုတ်ပြန်သည့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာများပါ တွေ့ရှိချက်များစွာအပေါ် ကုလသမဂ္ဂ၏ သဘောတူညီချက်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

မွတ်စလင် အများစုသည် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အတင်းအကျပ် သားကြောဖြတ်ခြင်းနှင့် အဓမ္မလုပ် အားပေး ခိုင်းစေခြင်းတို့အပြင် ၎င်းတို့၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဘာသာရေး ဓလေ့ထုံးတမ်းများကို ချေမှုန်း သုတ်သင်ခြင်းများလည်း ခံစားနေရပြီး အမေရိကန် နှင့်အနာက်နိုင်ငံ ပါလီမန်များက ၎င်းဖြစ်ရပ်များကို လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားချင်းမစာနာသည့်ပြစ်မှုများဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။

တရုတ်သည် စွဲချက်အားလုံးကို ဒေါသတကြီး ပယ်ချခဲ့ပြီး အစွန်းရောက်ဝါဒကို တန်ပြန်ရန် ဒေသတွင်း၌ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး အဆောက်အအုံများ ဖွင့်လှစ်ပေးခြင်းသာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ယခုသီတင်းပတ်၌ ဂျီနီဗာရှိ တရုတ်ကိုယ်စားလှယ်အဖွဲ့တွင် အစီရင်ခံစာများကို စိန်ခေါ် သည့် အရာရှိအများအပြားနှင့် တရုတ်မူဝါဒများကို ပံ့ပိုးပေးရန် တောင်းဆိုသော ဝီဂါအုပ်စုတို့ ပါဝင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required