အိန္ဒိယနိုင်ငံသားများကို လှည့်ဖြားခေါ်ဆောင် ဖမ်းဆီးထားသည့် မြန်မာရှိ ရာဇဝတ်ဂိုဏ်းနှင့် ပတ်သက်နေသော ကုမ္ပဏီများကို ဖော်ထုတ်

အိန္ဒိယနိုင်ငံသားများကို လှည့်ဖြားခေါ်ဆောင် ဖမ်းဆီးထားသည့် မြန်မာရှိ ရာဇဝတ်ဂိုဏ်းနှင့် ပတ်သက်နေသော ကုမ္ပဏီများကို ဖော်ထုတ်

September 26

အိန္ဒိယနိုင်ငံသားများကို အလုပ်အကိုင်လိမ်ညာပြီး ဖြားယောင်းခေါ်ဆောင် ဖမ်းဆီးထားသည့် မြန်မာနိုင်ငံရှိ ရာဇဝတ်ဂိုဏ်းအဖွဲ့တွင် ပါဝင်ပတ်သက်နေသော ကုမ္ပဏီလေးခုကို ဖော်ထုတ်သိရှိထားကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားလိုက်ကာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ အိန္ဒိယနိုင်ငံသားအယောက် ၁၀၀ မှ ၁၅၀ ဦးခန့်ကို ကယ်ထုတ်နိုင်ရေး လုပ်ဆောင်နေကြောင်း ပြောသည်။ လက်ရှိအချိန်အထိ အိန္ဒိယအာဏာပိုင်တို့သည် လူ ၃၂ ဦးကို ကယ်တင်ထားနိုင်ခဲ့သည်။

သို့သော် ရာဇဝတ်ဂိုဏ်းအဖွဲ့၏ လက်ထဲတွင် အိန္ဒိယနိုင်ငံသား ၅၀၀ ဦးထက်မနည်း ပိတ်မိချုပ်နှောင်ခံထားရဆဲ ဖြစ်သည်ဟု ယုံကြည်ရကြောင်း ထိုနေရာမှ ပြန်လွတ်လာနိုင်ခဲ့သည့် ဟိုင်ဒါရာဘတ်နှင့် ဒေလီတို့မှ အိန္ဒိယနိုင်ငံသားများက TOI ကို ပြောသည်။ နေ့စဉ် အိန္ဒိယနိုင်ငံသား ၁၀ ဦးမှ ၂၀ ဦးခန့်သည် မြဝတီနှင့် မဲဆောက်သို့ ခေါ်ဆောင်ခံနေရသည်။

“လက်ရှိအချိန်ထိတော့ OKX Plus (ဒူဘိုင်း အခြေစိုက်) ၊ Lazada ၊ Super Energy Group နဲ့ Zhentian group တို့ဟာ အဲဒီလိုမျိုး အလိမ်အညာ အလုပ်တွေ ကမ်းလှမ်းနေတဲ့ ကုမ္ပဏီတွေအဖြစ် ဖော်ထုတ်သိရှိထားပါတယ်” ဟု နိုင်ငံမှ ထွက်ခွာသွားသူများဆိုင်ရာ အကာအကွယ်ပေးရေး ရုံး (PoE-ဟိုင်ဒါရာဘတ်) က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။ အလိမ်အညာ အလုပ်အကိုင်များကို လက်ခံမိပြီး ဖမ်းဆီးချုပ်နှောင်ခံနေရသည့် အိန္ဒိယနိုင်ငံသား အိုင်တီ ကျွမ်းကျင်သူများသည် အွန်လိုင်းပေါ်တွင် တရုတ်အမျိုးသမီးများအဖြစ် ဟန်ဆောင်ရပြီး ခရစ်ပ်တို ငွေကြေးရင်းနှီးမြှုပ်နှံမှု အမည်အောက်တွင် အမေရိကန်နှင့် ဥရောပတို့မှ ငွေကြေးချမ်းသာကြွယ်ဝသူများကို လှည့်ဖြားရန် ခိုင်းစေခံနေရကြောင်း PoE ရုံးက အတည်ပြုသည်။

အိုင်တီ ကုမ္ပဏီတချို့သည် မြဝတီမှ လည်ပတ်လုပ်ကိုင်နေခြင်းဖြစ်ပြီး မြဝတီသည် “ကျွန်ပြုလုပ်သားခိုင်းစေသည့်” ဂိုဏ်းအဖွဲ့၏ အဓိက ဗဟိုချက်ဖြစ်သော မဲဆောက်ရှိ IT SEZ ဧရိယာနှင့် များစွာ မဝေးလှပေ။ ထိုင်း-မြန်မာ နယ်စပ်ရှိ မြဝတီသည် အများအားဖြင့် တရုတ်နိုင်ငံသားများ ထိန်းချုပ်ထားသည်ဟု ပြောဆိုမှုများ ရှိသည်။

“တကယ်လို့ ကျွန်တော်တို့ အသက်ရှင်လျက် ပြန်လွတ်လာနိုင်မယ်ဆိုရင် အိန္ဒိယအစိုးရအနေနဲ့ ဒီအပေါ်မှာ အမြန်ဆုံး အရေးယူလုပ်ဆောင်သင့်ပါတယ်” ဟု အဆိုပါနေရာတွင် ဖမ်းဆီးခံရပြီး ပိတ်မိနေသည့် မွမ်ဘိုင်းမှ အိုင်တီ ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

အဆိုပါ အလုပ်အကိုင် ရှာဖွေသူများသည် ဘန်ကောက်သို့ ဆိုက်ရောက်ဗီဇာစနစ် အသုံးပြုကာ ခရီးသွားပြီး ထို့နောက် မြန်မာနိုင်ငံဘက်သို့ အလျင်အမြန် ပို့ဆောင်ခံရကြောင်း PoE ရုံးက ပြောသည်။ ယင်းအတွက်ကြောင့် ရာဇဝတ်ဂိုဏ်း၏ သားကောင်ဖြစ်သူများ သို့မဟုတ် ၎င်းတို့၏ ဆွေမျိုးများက သံရုံးအဖွဲ့သို့ မဆက်သွယ်မချင်း ၎င်းတို့၏ ဆိုက်ရောက်မှုနှင့် နောက်ပိုင်း ဦးတည်ရောက်ရှိမှုကို ခြေရာခံထောက်လှမ်းရေး မဖြစ်နိုင်ပေ။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly