တရုတ်လက်နက်ရောင်းချမှုက အာဖရိကတွင်  ပဋိပက္ခများကိုလှုံ့ဆော်ပေးနေပြီး စစ်ဘေးရှောင် သန်းချီရှိလာ

တရုတ်လက်နက်ရောင်းချမှုက အာဖရိကတွင်  ပဋိပက္ခများကိုလှုံ့ဆော်ပေးနေပြီး စစ်ဘေးရှောင် သန်းချီရှိလာ

အာဖရိကနိုင်ငံများသို့ တရုတ်၏လက်နက်ရောင်းချမှုသည် ပဋိပက္ခများကို အားပေးရာရောက်ပြီး ယင်းက လူများ အိမ်ကိုစွန့်ခွာကာ အစုလိုက်အပြုံလိုက် စစ်ဘေးရှောင်ဖြစ်ရသည့် အဓိကအချက်ဖြစ်ကြောင်း Inside Over ကဖော်ပြသည်။ 

ဆာဟာရရပ်ဝန်း နိုင်ငံများအားလုံးနီးပါးသည် လက်နက်ကိုင်ပဋိပက္ခ အနည်းငယ်မှ ပြင်းထန် သည့် အတိုင်းအတာထိ ရှိပြီး အာဖရိကဆာဟာရဒေသခွဲသည် အစုလိုက်အပြုံလိုက် စစ်ဘေးရှောင်နေရသည်ဟု ဆိုသည်။

ဆိုးရွားသော အုပ်ချုပ်ရေး၊ အကျင့်ပျက်ခြစားမှု၊ မလုံခြုံသော နယ်စပ်များ၊ ဆင်းရဲမွဲတေမှု၊ ချို့တဲ့မှုနှင့် အလုပ်လက်မဲ့များကြောင့်ယခုအခါတွင် လက်နက်များ တိုးပွားလာခြင်းဖြစ်ကြောင်း  ယူဆနိုင်သည်ဟု Inside Over သတင်းတွင် ဖော်ပြထားသည်။

 တရုတ်ကဲ့သို့ နိုင်ငံများသည် ၎င်းတို့၏ လက်နက်လွှဲပြောင်းမှုနှင့် အာဖရိကနိုင်ငံများသို့ ၎င်းတို့၏ လက်နက်များ ရောင်းချခြင်းဆိုင်ရာ သတ်မှတ်ချက်များ ပြောင်းလဲမှု မရှိပါကတရားမဝင် လက်နက်ဖြန့်ကြက်မှုအန္တရာယ်ကို တိုက်ကြီးအနှံ့ တားဆီး၍မရနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောသည်။

အာဖရိကနိုင်ငံ ၅၄ နိုင်ငံလုံးရှိ သံချပ်ကာစစ်ယာဉ်များ၏ ၇၀ ရာခိုင်နှုန်းနီးပါးသည် တရုတ်ထုတ်များဖြစ်ပြီး တိုက်ကြီးရှိ စစ်ဘက်သုံးယာဉ်အားလုံး၏ ၂၀ ရာခိုင်နှုန်းနီးပါးကို တရုတ်နိုင်ငံမှ ဝယ်ယူထားကြောင်းJane's Defence Weeklyမဂ္ဂဇင်းတွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံသည် ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှု စုစုပေါင်း၏ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး စတုတ္တထမြောက် ကမ္ဘာ့လက်နက်အရောင်းချဆုံးနိုင်ငံဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှု စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းမှာ အာဖရိကနိုင်ငံများနှင့် ဖြစ်ပြီး အီသီယိုးပီးယား၊ ဆူဒန်၊ နိုင်ဂျီးရီးယား၊ တန်ဇန်းနီးယား၊ ကင်မရွန်း၊ ဇင်ဘာဘွေ၊ ဇမ်ဘီယာ၊ ဂါဘွန်၊ အယ်လ်ဂျီးရီးယား၊ နမီးဘီးယား၊ ဂါနာ၊ ဘူရွန်ဒီ၊ ကင်ညာနှင့် မိုဇမ်ဘစ်တို့သည် ပြီးခဲ့သော ၅ နှစ်အတွင်း တရုတ်လက်နက်များကို အဓိကတင်သွင်းသူကြီးများဖြစ်ကြသည်။

၁၉၉၅ နှင့် ၂၀၁၅ ခုနှစ်ကြားတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် အသက် ၅နှစ်အောက်ကလေး ၅ သန်းသေဆုံးခဲ့ပြီး ၎င်းတို့အနက် ၃ သန်းခန့်မှာ အသက် ၁၂ လနှင့်အောက်ကလေးငယ်များဖြစ်ကြောင်း ၂၀၁၈ ခုနှစ်တွင်ထုတ်ဝေခဲ့သော The Lancet ဆေးပညာဂျာနယ်၏လေ့လာမှုတစ်ခုတွင်ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် ပဋိပက္ခများ သို့မဟုတ် အကြမ်းဖက်မှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း ၁၄ ဒသမ ၄ သန်း ရှိပြီး ၎င်းအနက် ၁၁ ဒသမ ၆ သန်း သို့မဟုတ် ၈၀ ရာခိုင်နှုန်းသည် ဆာဟာရဒေသခွဲမှ စစ်ဘေးရှောင်များဖြစ်ကြောင်း နော်ဝေဒုက္ခသည်များဆိုင်ရာကောင်စီ၏ စစ်ဘေးရှောင်စောင့်ကြည့်ရေးဗဟိုဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly