ရုရှသမ္မတ ပူတင်က စစ်စည်းရုံးရေးအမိန့်ထုတ်၊ နျူကလီးယားခြိမ်းခြောက်အကျပ်ကိုင်မှုအတွက် အနောက်အုပ်စုကို သတိပေး

ရုရှသမ္မတ ပူတင်က စစ်စည်းရုံးရေးအမိန့်ထုတ်၊ နျူကလီးယားခြိမ်းခြောက်အကျပ်ကိုင်မှုအတွက် အနောက်အုပ်စုကို သတိပေး

စက်တင်ဘာလ ၂၁ ရက်

ရုရှသမ္မတ ဗလာဒီမာပူတင်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှ၏ ပထမဆုံးသော စစ်စည်းရုံးရေးအမိန့်ကို စက်တင်ဘာ ၂၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် ထုတ်ပြန်လိုက်သည်။ ထို့ပြင် အနောက်အုပ်စုထံမှ နျူကလီးယား ခြိမ်းခြောက်မှုတစ်ရပ်နှင့် ရင်ဆိုင်ရပါက မော်စကိုအနေဖြင့် ယင်း၏ ဧရာမ စစ်လက်နက်ခဲယမ်းစု အင်အားဖြင့် ခုခံကာကွယ်သွားမည်ဟု ပူတင်က သတိပေးခဲ့သည်။

ရုရှ ခေါင်းဆောင်၏ ဗြောင်ကျသည့် သတိပေးချက်က ဖေဖေါ်ဝါရီ ၂၄ ရက်က ယူကရိန်းအပေါ် ကျူးကျော်မှုနောက်ပိုင်း စစ်၏ အကြီးဆုံးသော အရှိန်မြင့်တက်မှု ဖြစ်သလို ထပ်တိုးအရန်တပ်ဖွဲ့ဝင် ၃၀၀,၀၀၀ ဆင့်ခေါ်ထုတ်သုံးရန် ဆုံးဖြတ်ချက်တစ်ခုလည်း အတူ ပါရှိလာသည်။ ရုရှတွင် ရှိထားသည့် နျူကလီးယားထိပ်ဖူးအရေအတွက်က အမေရိကန်ထက် ပိုများသည်။

“မိမိတို့ နိုင်ငံရဲ့ နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲမှုအပေါ် ခြိမ်းခြောက်လာရင်တော့ မိမိတို့ဟာ ရုရှနဲ့ ရုရှပြည်သူတွေကို ကာကွယ်ဖို့ နည်းလမ်းအလုံးစုံကို သံသယဖြစ်စရာ မလိုဘဲ အသုံးပြုသွားမှာပါ။ ဒါဟာ ဖြီးလုံး၊ လှန့်လုံးတစ်ခု မဟုတ်ပါဘူး” ဟု ပူတင်က နိုင်ငံကို ပြောကြားသည့် ရုပ်သံမိန့်ခွန်းတစ်ခုတွင် ပြောသည်။

အနောက်အုပ်စုသည် “နျူကလီးယား ခြိမ်းခြောက် အကျပ်ကိုင်မှု” လုပ်ဆောင်နေသည်ဟု ၎င်းက စွပ်စွဲရင်း အထက်ပါမှတ်ချက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမည်တပ်မထားသည့် ဦးဆောင် နေတိုးနိုင်ငံအချို့၏ ထိပ်တန်းအစိုးရအရာရှိများသည် ရုရှကို ဆန့်ကျင်ပြီး နျူကလီးယားလက်နက်များ အသုံးပြုနိုင်ခြေရှိသည်ဟု ပြောဆိုထားသည်ဟု ပူတင်က ပြောသည်။

ရုရှ ထိန်းချုပ်မှုအောက်ရှိ ဇာပိုရစ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံကို လက်နက်ကြီးဖြင့် ပစ်ရန် ယူကရိန်းကို ခွင့်ပြုပေးခြင်းအားဖြင့် အနောက်အုပ်စုသည် “နျူကလီးယား ကပ်ဘေး” တစ်ခု ဖြစ်မည့် အန္တရာယ်ကို ထွက်ပေါ်အောင် လုပ်ဆောင်နေကြောင်းလည်း ပူတင်က စွပ်စွဲသည်။

ဟန်ဂေရီနိုင်ငံ အရွယ်အစားနှင့် ညီမျှသည့် ယူကရိန်းနယ်မြေများကို တိုက်ခိုက်သိမ်းပိုက်မှုကို တရားဝင်ဖြစ်စေမည့် ပထမအဆင့်ဖြစ်သည့် ရုရှတပ်များ ထိန်းချုပ်ထားသော ယူကရိန်းနယ်မြေများတွင် လာမည့်ရက်များအတွင်း ကျင်းပမည့် ဆန္ဒခံယူပွဲများကို ပွင့်ပွင့်လင်းလင်း ထောက်ခံကြောင်း ပူတင်က ထုတ်ဖော်ခဲ့သည်။ အနောက်အုပ်စုသည် ရုရှကို ဖျက်ဆီးရန် အကွက်ချလုပ်ဆောင်နေသည်ဟု ပူတင်က ပြောသည်။

“သူတို့ရဲ့ ရန်လိုတဲ့ ရုရှ ဆန့်ကျင်ရေး မူဝါဒနဲ့အတူ အနောက်အုပ်စုဟာ စည်း(လိုင်း)အားလုံးကို ဖြတ်ကျော်ထားခဲ့ပါပြီ” ဟု ပူတင်က ပြောသည်။

“နျူကလီးယားလက်နက်တွေနဲ့ ကျွန်တော်တို့ကို ခြိမ်းခြောက်အကျပ်ကိုင်ဖို့ ကြိုးစားနေသူတွေ သိသင့်တာကတော့ လေဟာ သူတို့ရဲ့ ဦးတည်ရာအတိုင်း ပြောင်းလဲနိုင်တယ် ဆိုတာပါပဲ” ဟု ပူတင်က ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly