ဘုံသဘောတူညီချက် ၅ ရပ်က အလုပ်ဖြစ်မဖြစ် အာဆီယံက ဆုံးဖြတ်ရတော့မည်ဟု မလေးရှား ပြော 

ဘုံသဘောတူညီချက် ၅ ရပ်က အလုပ်ဖြစ်မဖြစ် အာဆီယံက ဆုံးဖြတ်ရတော့မည်ဟု မလေးရှား ပြော 

September 21

စာသင်ကျောင်း တစ်ကျောင်းအား မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်၍ ကလေးငယ် အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ရသည့် သတင်းများ ထွက်ပေါ်လာချိန်၌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဒူလာရှ်သည် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ အဆုံးသတ်ရေးတွင် ဘုံသဘောတူညီချက် ငါးရပ်က “အလုပ်ဖြစ်ဆဲ ဖြစ်မဖြစ်” ကို ဆုံးဖြတ်ကြရလိမ့်မည်ဟု ပြောလာခဲ့သည်။ 

ရွေးကောက်ခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိ်နးသိမ်းပြီး စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှစကာ မြန်မာနိုင်ငံသည် အကျပ်အတည်းအတွင်း ဆိုက်ရောက်လျက် ရှိသည်။ စစ်တပ်သည် ၎င်းတို့၏ အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်သူများကို “အကြမ်းဖက်သမားများ” ဟု ဆိုလျက် မည်သို့သော အတိုက်အခံပြုမှုမဆို ပြင်းပြင်းထန်ထန် နှိမ်နင်းပြီး ဇူလိုင်လအတွင်းက နိုင်ငံရေးအကျဉ်းသား လေးဦးကိုလည်း ကွပ်မျက်ခဲ့သည်။ 

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက ကြားဝင်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ဘုံသဘောတူညီချက် ငါးရပ်ကို ၂၀၂၁ ဧပြီလအတွင်း ချမှတ်ခဲ့သော်လည်း စစ်ဗိုလ်ချုပ်ကြီးများက ယင်းကို မသိကျိုးကျွန် ပြုထားသည်။ 

နှစ်လအတွင်း ထပ်မံတွေ့ဆုံရန်ရှိသော အာဆီယံခေါင်းဆောင်များအနေဖြင့် လက်ရှိတွင် ဘုံသဘောတူညီချက် ငါးရပ်က “ဆီလျော်သေးခြင်း ရှိမရှိ” လေးလေးနက်နက် သုံးသပ်ရန် လိုအပ်သကဲ့သို့ “အခြား ပို၍ ကောင်းသော တစ်ခုခုနှင့် အစားထိုး သင့်မသင့်” ဆုံးဖြတ်ရန် အချိန်ရောက်ပြီဟု ဆိုင်ဖူဒင်က ပြောသည်။ 

မြန်မာသည် အာဆီယံ ၁၀ နိုင်ငံ အဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအကျပ်အတည်းအား ကိုင်တွယ်ဖြေရှင်းရေးတွင် အာဆီယံ၏ သံတမန်နည်းအရ ချည်းကပ်မှုကို အားထားထားသည်။ 

“အခုနေမှာ ကျွန်တော်တို့ နိုဝင်ဘာလအတွင်း တွေ့ဆုံဖို့ ရှိတယ်၊ ကျွန်တော်တို့အနေနဲ့ ခက်ခဲတဲ့ မေးခွန်းကို မေးမြန်းရမှာ ဖြစ်သလို ကျွန်တော်တို့တွေ ဖြေဆိုရလိမ့်မှာလည်း ဖြစ်တယ်”ဟု ဆိုင်ဖူဒင်က ဆိုသည်။ 

အာဆီယံ သဘောတူညီချက် ရပြီးချိန်မှစ၍လည်း မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ လျော့ပါးသွားခြင်း မရှိဘဲ အာဏာသိမ်းချိန်မှစကာ စစ်တပ်သည် လူပေါင်း ၂,၃၀၀ နီးပါးကို သတ်ဖြတ်ခဲ့ကြောင်း ဖြိုခွင်းမှုများကို ခြေရာကောက်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့က ပြောသည်။ 

ပြီးခဲ့သည့် သောကြာနေ့က စစ်ကိုင်းတိုင်းအတွင်း၌ စာသင်ကျောင်းတစ်ကျောင်းအပါအဝင် အရပ်သားဧရိယာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်ကာ ထင်ရာစိုင်းပစ်ခတ်မှုများကြောင့် ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် အနည်းဆုံး ၁၅ ဦး စာသင်ကျောင်းမှ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly