နိုင်ငံတောင်ပိုင်းရှိ နျူကလီးယားစက်ရုံကို ရုရှတို့ တိုက်ခိုက်ခဲ့ဟု ယူကရိန်း ပြော

နိုင်ငံတောင်ပိုင်းရှိ နျူကလီးယားစက်ရုံကို ရုရှတို့ တိုက်ခိုက်ခဲ့ဟု ယူကရိန်း ပြော

စက်တင်ဘာလ ၁၉ ရက်

ယူကရိန်းနိုင်ငံတောင်ပိုင်းရှိ နိုင်ငံ၏ ဒုတိယအကြီးဆုံး နျူကလီးယားစက်ရုံကို ရုရှတို့ တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်းက စက်တင်ဘာ ၁၉ ရက်တွင် စွပ်စွဲလိုက်သည်။ ယင်းသည် အဏုမြူစွမ်းအင် အဆောက်အအုံများ အနီးဝန်းကျင်တွင် ထပ်မံ ပေါ်ပေါက်သည့် တိုက်ခိုက်မှု ဖြစ်စဉ် ဖြစ်ပြီး ရေဒီယိုသတ္တိကြွမှု အရေးပေါ် အခြေနေတစ်ရပ် ကြုံရနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် ယူကရိန်းအရှေ့ပိုင်းတွင် ကိယက်ဗ်တပ်ဖွဲ့များ မကြာသေးခင်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ဧရိယာများတွင် ရုပ်အလောင်းအများအပြား အစုအပြုံလိုက် မြှုပ်နှံခံထားရမှု ဖြစ်စဉ်အတွက် ရုရှတပ်များတွင် တာဝန်ရှိသည်ဆိုသည့် ပြောဆိုချက်များကို ရုရှအစိုးရက လက်မခံဘဲ ပယ်ချသွားခဲ့သည်။

အလောင်းများ အစုလိုက်အပြုံလိုက် မြှုပ်ထားသည့် နေရာများ တွေ့ရှိသည် ဆိုသည့် ယူကရိန်း၏ ပြောဆိုချက်များက ဇာတ်လမ်းထွင်ထားခြင်းသာ ဖြစ်ကြောင်း ရုရှဘက်က တုံ့ပြန်သည်။

ရုရှစစ်တပ်သည် ယူကရိန်းတောင်ပိုင်းရှိ ပစ်ဒန်းကရိန့်စ် နျူကလီးယား ဓာတ်အားပေးစက်ရုံ၏ စက်မှုဆိုဒ်ကို ဒုံးကျည်တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်းနှင့် ဓာတ်ပေါင်းဖိုများမှ မီတာ ၃၀၀ (၉၈၅ ပေ) ခန့်တွင် “ပြင်းထန်သည့် ပေါက်ကွဲမှု” တစ်ခု ဖြစ်ခဲ့ကြောင်း ယူကရိန်း၏ နျူကလီးယား စွမ်းအင် အေဂျင်စီ Enargoatom က ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် ဓာတ်အားပေးစက်ရုံ အဆောက်အအုံ၏ ပြတင်းတံခါး ၁၀၀ ကျော် ထိခိုက်သွားခဲ့သော်လည်း ဓာတ်ပေါင်းဖိုများသည် ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်ကြောင်း အဆိုပါ အေဂျင်စီက ကွဲကြေသွားသည့် မှန်အပိုင်းအစ ဓာတ်ပုံများကို ထုတ်ပြန်ရင်း ပြောခဲ့သည်။

ထို့ပြင် ဒုံးကျည် ကျရောက်သည့် နေရာမှ နှစ်မီတာအနက်ရှိ ချိုင့်ကြီးတစ်ခု၏ ဓာတ်ပုံများကိုလည်း ယင်းက ထုတ်ဖော်ပြသခဲ့သည်။

“ကံကောင်းတာက ဓာတ်အားပေးစက်ရုံရဲ့ ဝန်ထမ်းတစ်ဦးတစ်ယောက်မှ ဒဏ်ရာမရခဲ့ပါဘူး” ဟု Energoatom က ပြောသည်။

ယူကရိန်းရှိ နျူကလီးယား စက်ရုံများအနီး တိုက်ခိုက်မှုများ ဖြစ်ပေါ်ခြင်းကြောင့် အဆိုပါ စက်ရုံများ အနီးဝန်းကျင် ဧရိယာများကို စစ်မဲ့ဇုန် ဖြစ်စေရေး လုပ်ဆောင်ရန် ယူကရိန်းနှင့် အနောက်အုပ်စု မဟာမိတ်များက တောင်းဆိုမှုများ ပြုလုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly