ယူကရိန်းတွင် နျူလက်နက် မသုံးရန် ပူတင်ကို ဘိုင်ဒင် သတိပေး

ယူကရိန်းတွင် နျူလက်နက် မသုံးရန် ပူတင်ကို ဘိုင်ဒင် သတိပေး

စက်တင်ဘာလ ၁၈ ရက်

ယူကရိန်းတွင် ရုရှတပ်များ ဆုတ်ဆိုင်းမှုများနှင့် ကြုံတွေ့ခဲ့ရပြီးနောက် စစ်ပွဲ၌ နည်းဗျူဟာဆိုင်ရာ နျူကလီးယား သို့မဟုတ် ဓာတုလက်နက်များ အသုံးမပြုရန် ရုရှသမ္မတ ဗလာဒီမာ ပူတင်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တိုက်တွန်းလိုက်ကြောင်း CBS သတင်းဌာနနှင့် အင်တာဗျူးတစ်ခုအရ သိရသည်။

ယူကရိန်းစစ်တပ်သည် ယခုသီတင်းပတ်တွင် နိုင်ငံ အရှေ့မြောက်ပိုင်း၌ လျှပ်တပြက် တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ရုရှတပ်များကို ဆုတ်ခွာစေရန် တိုက်ထုတ်နိုင်ခဲ့သည် ဖြစ်ရာ ပူတင်အနေဖြင့် ယူကရိန်းစစ်ပွဲတွင် မူလအနေအထား ပြန်ရစေရန် ပြည်တွင်း၌ အမျိုးသားရေးဝါဒီတို့၏ ဖိအားပေးခြင်းကို ခံနေရသည်။

အကယ်၌ မိမိတို့ တပ်ဖွဲ့များ ဖိအားအောက် ထပ်မံကျရောက်ပါက မော်စကိုအနေဖြင့် ပိုမို အားမာန်ပါပါ တုံ့ပြန်သွားမည်ဟု ပူတင်က သတိပေးခဲ့သည့်အတွက် ၎င်းအနေဖြင့် အချိန်တစ်ခုခုတွင် အသေးစား နျူကလီးယား သို့မဟုတ် ဓာတုလက်နက်များကဲ့သို့ သမားရိုးကျ မဟုတ်သည့် နည်းလမ်းများ အသုံးပြုနိုင်သည် ဆိုပြီး စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ရုရှအနေဖြင့် ယင်းကဲ့သို့ လက်နက်များ အသုံးပြုရန် စဉ်းစားနေသည် ဆိုပါက ပူတင်ကို ဘာများ ပြောချင်သလဲဆိုပြီး “60 Minutes” သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဘိုင်ဒင်က ဖြေကြားရာတွင် “လုံးဝ (လုံးဝ) မသုံးလိုက်ပါနဲ့။ တကယ်လို့ အဲဒီလိုသာ သုံးမယ်ဆိုရင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဘာနဲ့မှ မတူတဲ့ စစ်ပွဲပုံစံကို ပြောင်းလဲသွားပါလိမ့်မယ်” ဟု ပြောခဲ့ကြောင်း စနေနေ့က CBS က ထုတ်လွှင့်သည့် အင်တာဗျူး ဗီဒီယိုကလစ်တစ်ခုတွင် ဖော်ပြသည်။

အမေရိကန်၏ တုံ့ပြန်မှုက “လက်ငင်း အကျိုးဖြစ်” လိမ့်မည် ဖြစ်ကြောင်း ဘိုင်ဒင်က ပြောသော်လည်း အသေးစိတ်ကို ပြောဆိုရန် ငြင်းဆန်သည်။ “ရုရှဟာ သူတို့ ကြုံခဲ့ဖူးသမျှထက် ကမ္ဘာမှာ ပိုပြီး အပယ်ခံနိုင်ငံ ဖြစ်သွားပါလိမ့်မယ်” ဟု ဘိုင်ဒင်က ပြောသည်။ “သူတို့ လုပ်တဲ့ အတိုင်းအတာအပေါ် မူတည်ပြီး ဘယ်လို တုံ့ပြန်သွားမလဲဆိုတာကို အဆုံးအဖြတ်ပေးသွားပါမယ်” ဟု ၎င်းက ပြောသည်။

မော်စကိုအနေဖြင့် ယူကရိန်းတွင် နျူလက်နက်များ သုံးလိမ့်မည် ဆိုသည့် အနောက်အုပ်စု၏ ထင်မြင်ချက်များကို ရုရှအစိုးရ တာဝန်ရှိသူများက ပယ်ချထားသော်လည်း ထိုကိစ္စသည် အနောက်အုပ်စုရှိ လူအချို့အတွက် စိုးရိမ်ပူပန်စရာကိစ္စတစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly