ယူကရိန်း စစ်ဆင်ရေးကို လက်စသတ်ရန် ‘အလျင်မလိုဘူး’ ဟု ပူတင် ပြော 

ယူကရိန်း စစ်ဆင်ရေးကို လက်စသတ်ရန် ‘အလျင်မလိုဘူး’ ဟု ပူတင် ပြော 

စက်တင်ဘာလ ၁၇ ရက်

ယူကရိန်း၏ တန်ပြန်ထိုးစစ်များ ရှိလင့်ကစား ရုရှ၏ စစ်ဆင်ရေးများကို ပြန်လည်ချိန်ထိုးရန်အတွက် အစီအစဉ် မရှိကြောင်း သမ္မတ ဗလာဒီမာ ပူတင်က သောကြာနေ့တွင် ပြောပြီး ရုရှနိုင်ငံအနေဖြင့် စစ်ဆင်ရေးကို အဆုံးသတ်ရန် အလျင်မလိုကြောင်း ဆိုသည်။ 

“ပြန်လည်ချိန်ထိုး ပြုပြင်တာတွေ လုပ်မယ့် အစီအစဉ် မရှိဘူး”ဟု ဥဇဘတ်ကစ္စတန်က ဒေသတွင်း ထိပ်သီးအစည်းအဝေးတစ်ရပ်၌ ပူတင်က သတင်းထောက်များအား ပြောသည်။ 

“ဒွန်းဘတ်စ်ဒေသက ကျွန်တော်တို့ရဲ့ ထိုးစစ်တွေဟာ မရပ်တန့်ဘူး၊ နှေးကွေးပေမယ့် ရှေ့ချီတက်နေဆဲ ဖြစ်တယ်၊ ရုရှစစ်တပ်ဟာ ပိုင်နက်နယ်မြေသစ်တွေကို သိမ်းပိုက်နေတယ်”ဟု ပူတင်က ပြောသည်။ 

“ကျွန်တော်တို့ အလျင်လိုစရာလည်း မရှိဘူး၊ အပြောင်းအလဲလည်း မရှိဘူး”ဟု သူက ဆိုသည်။ 

ရုရှနိုင်ငံသည် “တင်းပြည့်စစ်တပ်ဖြင့် တိုက်ခိုက်နေခြင်း” မဟုတ်ဘဲ ကန်ထရိုက်စစ်သားများကိုသာ သုံး၍ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ပူတင်က ပြောပြီး စစ်ဆင်ရေး၏ အဓိကပန်းတိုင်မှာ ဒွန်းဘတ်စ်ဒေသတစ်ခုလုံး လွတ်မြောက်ရေးက မပြောင်းမလဲ ရှိနေကြောင်း ပြောဆိုသည်။ 

ယူကရိန်းတပ်များသည် “အကြမ်းဖက်လုပ်ရပ်”များကို ကျူးလွန်ရန်နှင့် ရုရှ၏ အရပ်ဘက် အခြေခံအဆောက်အအုံများကို ဖျက်ဆီးရန် ကြိုးပမ်းနေသည်ဟုလည်း ၎င်းက စွပ်စွဲသည်။ 

“ဒါကို ကျွန်တော်တို့က တုံ့ပြန်ရာမှာ တော်တော်လေးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေတာ ဖြစ်တယ်၊ အခြေအနေက ဒီတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် တုံ့ပြန်ရတော့မှာ ဖြစ်တယ်”ဟု ပူတင်က ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly