တရုတ်အလယ်ပိုင်းက မိုးမျှော်တိုက်တွင် မီးအကြီးအကျယ် လောင်ကျွမ်း 

တရုတ်အလယ်ပိုင်းက မိုးမျှော်တိုက်တွင် မီးအကြီးအကျယ် လောင်ကျွမ်း 

စက်တင်ဘာလ ၁၆ ရက်

တရုတ်နိုင်ငံ အလယ်ပိုင်းက ချန်ရှာမြို့ရှိ မိုးမျှော်တိုက်တစ်လုံးတွင် မီးအကြီးအကျယ် လောင်ကျွမ်းကြောင်း နိုင်ငံပိုင် မီဒီယာက သောကြာနေ့တွင် သတင်းဖော်ပြပြီး သေကျေပျက်စီးမှု အရေအတွက် “လက်တလော မသိရသေးကြောင်း” ဖြည့်စွက်ဆိုသည်။ 

“မီးလောင်တဲ့ နေရာကနေ မီးခိုးလုံးကြီးတွေ လွင့်တက်နေဆဲဖြစ်တယ်၊ မိုးမျှော်တိုက်ရဲ့ အထပ်ဒါဇင်များစွာမှာ မီးက ကြီးကြီးမားမား လောင်ကျွမ်းနေတယ်”ဟု နိုင်ငံပိုင်ရုပ်သံ CCTV က သတင်းဖော်ပြသည်။ 

ယနေ့ နေ့လယ်ပိုင်းက ချန်ရှာမြို့ရှိ တရုတ်တယ်လီကွန်း အဆောက်အအုံတွင် မီးလောင်ခြင်းဖြစ်ပြီး သေဆုံးဒဏ်ရာရမှု မသိရသေးဘဲ လူအများအနေဖြင့် ဘေးလွတ်ရာ နေကြရန် သတိပေးထားသည်။ 

“မီးသတ်သမားတွေ မီးကို စတင်ငြှိမ်းသတ်နေကြပြီ၊ မီးလောင်ရာမှာ ကယ်ဆယ်ရေးကိုလည်း ဆောင်ရွက်နေပြီ ဖြစ်တယ်”ဟု ယင်း သတင်း၌ ထပ်လောင်းဖော်ပြသည်။ 

နိုင်ငံပိုင် ဆက်သွယ်ရေးကုမ္ပဏီ China Telecom ရုံးစိုက်ရာ မြင့်မားသည့် ယင်း မိုးမျှော်အဆောက်အအုံ တစ်ခုလုံး မီးလောင်ကျွမ်းခြင်းဖြစ်သည်ဟု သတင်းက ဖော်ပြသည်။ 

မြို့၏ အဆောက်အအုံ ထူထပ်သော ဧရိယာရှိ ယင်း အဆောက်အအုံ တစ်ခုလုံး၌ လိမ္မော်ရောင်မီးတောက်များ အလျှံညီးညီး လောင်ကျွမ်းနေပြီး ကောင်းကင်သို့ မီးခိုးမည်းများ လိပ်တက်နေသည့် ဓာတ်ပုံတစ်ပုံကို CCTV က ထုတ်လွှင့်ခဲ့သည်။ 

မိုးမျှော်တိုက်၏ အပြင်ဘက်ခြမ်းသည် မီးလောင်ကျွမ်းမှုကြောင့် မည်းကျန်ရစ်သည်ကို  ဌာနေသတင်းဌာနတစ်ခု၏ လူမှုမီဒီယာပေါ် တင်သော ဗီဒီယိုတွင် တွေ့မြင်ရသည်။ 

ဟူနန်ပြည်နယ်၏ မြို့တော် ချန်ရှာမြို့သည် လူဦးရေ ၁၀ သန်းခန့် နေထိုင်ရာ မြို့ဖြစ်သ်ည။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly