ထိုင်းတွင် စစ်လေ့ကျင့်ရေးစခန်း၌ ပစ်ခတ်မှုကျူးလွန်သည့် အရာခံဗိုလ်ကို လူသတ်မှုဖြင့် စစ်ဆေး 

ထိုင်းတွင် စစ်လေ့ကျင့်ရေးစခန်း၌ ပစ်ခတ်မှုကျူးလွန်သည့် အရာခံဗိုလ်ကို လူသတ်မှုဖြင့် စစ်ဆေး 

စက်တင်ဘာလ ၁၆ ရက်

ထိုင်းနိုင်ငံတွင် လူနှစ်ဦး သေဆုံးပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာရသည့် စစ်လေ့ကျင့်ရေးစခန်းအတွင်း ပစ်ခတ်မှု ကျူးလွန်သော စစ်သားတစ်ဦးကို ရဲတပ်ဖွဲ့က လူသတ်မှုဖြင့် စစ်ဆေးနေကြောင်း တာဝန်ရှိသူများက သောကြာနေ့တွင် ပြောသည်။ 

တော်ဝင် ထိုင်းစစ်တပ် စစ်ပွဲဆိုင်ရာ ကောလိပ်မှ မှတ်တမ်းအရာရှိဖြစ်သူ အရာခံဗိုလ် ယွန်ယွတ် မန်ဂါကွန်ကင်ကို ဘန်ကောက်မြောက်ပိုင်းက စစ်ခုံရုံး၌ ဗုဒ္ဓဟူးနေ့တွင် စစ်ဆေးကြားနာမည် ဖြစ်သည်။ 

၎င်းအား လူသတ်ရန် ကြံစည်မှု၊ လူသတ်ရန် ကြိုးပမ်းမှု၊ အများပြည်သူနေရာတွင် လက်နက်ကိုင်ဆောင်မှုနှင့် အများပြည်သူနေရာတွင် သေနတ်ပစ်ခတ်မှုများဖြင့် စွဲဆိုထားသည်။ 

အာမခံ ပေးမပေးကို စစ်ခုံရုံးက ဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသား လက်ထောက်ရဲတပ်ဖွဲ့ ပြောခွင့်ရသူ ကစ်ဆာနာ ပတ်သန်နာချာယောင်းက အေအက်ဖ်ပီသို့ ပြောသည်။ 

ယွန်ယွတ်၏ စိတ်ရော ကိုယ်ပါ ကျန်းမာရေးအခြေအနေကို ဆေးရုံတစ်ရုံ၌ ကျန်းမာရေးပညာရှင်များက စစ်ဆေးနေကြောင်း ကစ်ဆာနာက ဆိုသည်။ 

ရဲတပ်ဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးမှုကို ရက်ပေါင်း ၈၄ ရက်အတွင်း လုပ်ဆောင်ရန် အချိန်ရပြီး ယင်း အမှုနှင့် ပတ်သက်သော အစီရင်ခံစာကို စစ်ခုံရုံး၏ ရှေ့နေချုပ်ထံ တင်ပြရမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ 

ပြီးခဲ့သည့်နှစ်ကလည်း အမှုထမ်းဆဲ စစ်သားများကြား မှားယွင်းကာ မတော်တဆ ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။ 

၂၀၂၀ အတွင်းက ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံတွင် မကြာသေးသော နှစ်များအတွင်း အသေအကျေ အများဆုံးသော ဖြစ်စဉ်အဖြစ် စစ်သားတစ်ဦးက ၁၇ နာရီကြာ ထင်ရာစိုင်း ပစ်ခတ်မှုအတွင်း လူ ၂၉ ဦး သေဆုံးကာ ဒဏ်ရာ ရသူများစွာ ရှိခဲ့ပြီး ယင်းစစ်သားကို ကွန်မန်ဒိုများက သုတ်သင်ရှင်းလင်းခဲ့ရသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly