ရုရှနှင့် တရုတ် ဦးဆောင်သော အာရှ လုံခြုံရေးအဖွဲ့သို့ အီရန် ဝင်ရောက်မည်

ရုရှနှင့် တရုတ် ဦးဆောင်သော အာရှ လုံခြုံရေးအဖွဲ့သို့ အီရန် ဝင်ရောက်မည်

စက်တင်ဘာလ ၁၆ ရက်

အီရန်နိုင်ငံသည် ရုရှနှင့် တရုတ်တို့ ဦးဆောင်သော အလယ်အာရှ လုံခြုံရေးအဖွဲ့အစည်းတစ်ခု၏ အမြဲတမ်းအဖွဲ့ဝင်တစ်နိုင်ငံ ဖြစ်လာစေရန် ရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် အီရန်သည် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကြောင့် စီးပွားရေး အထီးကျန်ဖြစ်မှုကို ကျော်လွှားနိုင်ရန် ကြုးပမ်းနေသည်။

အီရန်သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ရန် တာဝန် ဝတ္တရားဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အာမီရတ် ဒူလာဟီယန်က စက်တင်ဘာ ၁၅ ရက်တွင် ပြောသည်။ SCO အဖွဲ့သည် ယခုအပတ်ထဲတွင် ဉဇဘတ်ကစ္စတန်နိုင်ငံတွင် ထိပ်သီးတွေ့ဆုံပွဲတစ်ရပ် ကျင်းပလျက် ရှိသည်။

ရုရှ၊ တရုတ်နှင့် အလယ်အာရှရှိ ဆိုဗီယက်အဖွဲ့ဝင်ဟောင်း နိုင်ငံများအတွက် ဆွေးနွေးမှုအဖွဲ့တစ်ခုအဖြစ် ၂၀၀၁ ခုနှစ်က စတင်ထူထောင်ဖွဲ့စည်းခဲ့သည့် SCO အဖွဲ့သည် ပြီးခဲ့သည့် လေးနှစ်အကြာက အိန္ဒိယ၊ ပါကစ္စတန်တို့ကို ထည့်သွင်းပါဝင်စေပြီး တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ဒေသတွင် အနောက်အုပ်စု၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်မှုအဖြစ် ပိုမိုကြီးမားသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်ရန် ရည်မှန်းခြင်း ဖြစ်သည်။

“SCO မှာ အပြည့်အဝ အဖွဲ့ဝင်ဖြစ်စေမယ့် စာရွက်စာတမ်းကို လက်မှတ်ထိုးလိုက်တာကြောင့် ခုချိန်မှာ အီရန်ဟာ စီးပွားရေး၊ ကုန်သွယ်ရေး၊ ကူးသန်းဖြတ်သန်းမှုနဲ့ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုတို့ရဲ့ အဆင့်သစ်တစ်ခုထဲ ဝင်ရောက်နိုင်ခဲ့ပါပြီ” ဟု ဟူစိန် အာမီရတ် ဒူလာဟီယန်က ၎င်း၏ အင်စတာဂရမ်ပေ့ချ်တွင် ရေးသည်။

အီရန်သမ္မတ အီဘရာဟင် ရိုင်စီသည်လည်း SCO ထိပ်သီးအစည်းအဝေး တက်ရန် ဥဇဘတ်ကစ္စတန် ဆာမာကန့်ဒ် မြို့တွင် ရောက်ရှိနေခဲ့သည်။ ၎င်းသည် ရုရှသမ္မတ ဗလာဒီမာ ပူတင်နှင့် သီးခြား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အီရန်နိုင်ငံပိုင်တီဗွီက ဖော်ပြသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly